◾ နျူကလီးယားလက်နက်တွေကို ဉာဏ်ရည်တုနည်းပညာနဲ့ မထိန်းချုပ်ဖို့ ရုရှားနှင့်တရုတ်ကို အမေရိကန်တိုက်တွန်း
၃.၅.၂၀၂၄
Translated by Htwe Ko Tun
ယနေ့ခေတ်အခါမှာ အင်အားကြီးမားတဲ့ လက်နက်တွေကိုထိန်းချုပ်မှုနဲ့ပတ်သက်လို့ စွမ်းဆောင်ရည် ထက်မြက်တဲ့နည်းပညာတွေနဲ့စောင့်ကြည့်ဖို့ ဒီနည်းပညာတွေကို ဘယ်လိုအသုံးချမလဲဆိုတာ အပြိုင်အဆိုင်ပြောကြားမှုတွေရှိနေပါတယ်။ ဒီမှာ အမေရိကန်အစိုးရရဲ့ လက်နက်ထိန်းချုပ်ရေးဌာနမှ အရာရှိတစ်ဦးဖြစ်တဲ့ ပေါလ်ဒင်းက ရုရှားနဲ့တရုတ်တို့အနေနဲ့ ဉာဏ်ရည်တုနည်းပညာကို နျူကလီးယားလက်နက်တွေထိန်းချုပ်ဖို့ အသုံးမပြုကြဘဲ ဒီလိုလက်နက်တွေကို အမေရိကန်နိုင်ငံလိုပဲ လူသားတွေကသာ တိုက်ရိုက်ထိန်းချုပ်ကြဖို့ မေလ ၁ ရက်က အွန်လိုင်းရှင်းလင်းပွဲတစ်ရပ်မှာ ပြောခဲ့ပါတယ်။
ပေါလ်ဒင်းက “အမေရိကန်အနေနဲ့တေ့ာ ရှင်းရှင်းလင်းလင်းနဲ့ပြတ်ပြတ်သားသားပဲ ကတိပြုပါတယ်။ နျူကလီးယားလက်နက်တွေက လူသားတို့ကတီထွင်ဖန်တီးလို့ပေါ်ပေါက်လာကြတာပါ။ ဒီတော့ ဒီလက်နက်တွေကို ထိန်းချုပ်ကိုင်တွယ်ရာမှာ ကျွန်တော်တို့လူသားတွေက ဉာဏ်ရည်တုနည်းပညာကို ဆရာတင်ဖို့မလိုပါဘူး” လို့ ဆိုခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ဒီအတိုင်းရပ်တည်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။
ပေါလ်ဒင်းက ယူကေနဲ့ပြင်သစ်တို့ကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို လူသားတွေကသာ တိုက်ရိုက်ကိုင်တွယ်သွားဖို့ သန္နိဋ္ဌာန်ချထားကြပါတယ်လို့ပြောခဲ့ပါသေးတယ်။ သူကဆက်ပြီး ရုရှားနဲ့တရုတ်အနေနဲ့လည်း ဒီလိုပဲလုပ်ဆောင်သွားကြဖို့တိုက်တွန်းခဲ့ပြီး ဒီအတွက် ကြေညာချက်ကို အမေရိကန်အစိုးရက ရုရှားနဲ့တရုတ်ဆီက ကြိုဆိုမျှော်လင့်နေတယ်လို့လည်း ဆိုခဲ့ပါတယ်။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အမြဲတန်းအဖွဲ့ဝင် ငါးနိုင်ငံရဲ့လက်နက်ထိန်းချုပ်မှုအတွက် ညီညွတ်မှုရှိခြင်းအားပြသဖို့အတွက် ဒီအချက်က အရေးကြီးတဲ့စံနှုန်းတစ်ရပ်လို့ကျွန်တော်ဆိုချင်ပါတယ်” လို့လည်း ပေါလ်ဒင်းက ပြောခဲ့ပါသေးတယ်။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ဉာဏ်ရည်တုနည်းပညာနဲ့တိုးတက်လာနေတဲ့ စွမ်းအားကောင်းတဲ့နည်းပညာစနစ်တွေကို ဘယ်လိုဖြန့်ချမှုပြုမလဲလို့ ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုအပေါ်ထိန်းညှိပေးဖို့လိုအပ်နေချိန်မှာ ပေါလ်ဒင်းရဲ့ ခုလိုကြေညာပြောကြားချက်က ထွက်ပေါ်လာတာပါ။ ဉာဏ်ရည်တုနည်းပညာနဲ့ ထိန်းချုပ်အသုံးပြုမယ့် လက်နက်ပြိုင်ပွဲက နည်းပညာ၊ ပညာရေးနဲ့ မြို့ပြအဖွဲ့အစည်းတွေမှ ခေါင်းဆောင်တွေကိုလည်း ခေတ်မီဉာဏ်ရည်တုနည်းပညာစနစ်တွေကို ပိုလို့အသုံးပြုခြင်းမပြုခင် သတိရှိစစ်ဆေးကြဖို့ တိုက်တွန်းသလိုလည်း ဖြစ်ခဲ့ရပါတယ်။ ဉာဏ်ရည်တုနည်းပညာက လူသားတို့ရဲ့ဘဝကို အန္တရာယ်ဖြစ်လာစေနိုင်ပြီး လူ့အခွင့်အရေးနဲ့ လူသားတွေတည်ရှိမှုကိုပါ အမှန်တကယ်ခြိမ်းခြောက်လာနိုင်တယ်လို့လည်း ဆိုကြပြန်ပါတယ်။
ဒီအတွက်ကမ္ဘာနဲ့ချီလို့ ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုကိုသတ်မှတ်ထိန်းညှိမှုတွေလုပ်ဖို့ တွန်းအားပေးနေကြပေမယ့် စစ်ရေးဆိုင်ရာကိစ္စတွေမှာ ဉာဏ်ရည်တုနည်းပညာကို ပြောင်ပြောင်တင်းတင်းအသုံးချနေကြတာ တွေ့ရမှာပါ။ ဗီယင်နာမှာ မကြာခင်ကလုပ်ခဲ့တဲ့ အစည်းအဝေးတွေမှာလည်း လက်နက်ထိန်းချုပ်ရေးကို ဆန့်ကျင်နေမှုတွေကို သတိပေးခဲ့ပါတယ်။ လူသားတို့အတွက် အင်မတန်ကောင်းမွန်ပြီးအကျိုးရှိစေမယ်ထင်ခဲ့ကြတဲ့ ဉာဏ်ရည်တုနည်းပညာကို အလွန်ဆိုးရွားတဲ့နေရာမှာ အသုံးချမိနေတာလို့ဆိုလာကြပါတယ်။
စစ်ဘက်ရေးရာတွေမှာ ဉာဏ်ရည်တုနည်းပညာကိုအသုံးပြုမှုတွေက နိုင်ငံတကာအဆင့်မှာလည်း စိုးရိမ်မှုတွေတိုးလာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံတကာဆက်ဆံရေးနဲ့တင်းမာမှုတွေမြင့်တက်လာရခြင်းမှာ နျူကလီးယားလက်နက်တွေအကြောင်းက စိုးမိုးနေတာတွေ့ရမှာပါ။ ရုရှားက ယူကရိန်းမှာ နျူကလီယားလက်နက်ကိုအသုံးပြုမယ်လို့ခြိမ်းခြောက်ထားသလို သူ့ရန်သူတွေကိုလည်း နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။ တရုတ်ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့ရဲ့ နျူကလီးယားလက်နက်အင်အားကို တိုးချဲ့တည်ဆောက်နေတာပါ။
ဒီမှာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက်ကို ဘယ်နှစ်နိုင်ငံအထိ ပိုင်ဆိုင်ထားသလဲ မေးခွန်းထုတ်စရာပါ။ လုံခြုံရေးကောင်စီအမြဲတန်းအဖွဲ့ဝင်ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနိုက်တစ်ကင်းဒမ်းနဲ့ ပြင်သစ်တို့တင်မကပါဘူး။ အစ္စရေး၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့မှာလည်း နျူကလီးယားလက်နက်တွေရှိနေပြီလို့ ယုံကြည်ရပါတယ်။ အပြည်ပြည်ဆိုင်ရာနျူကလီးယား လက်နက်ဖျက်သိမ်းရေးလှုပ်ရှားမှုရဲ့ပြောကြားချက်အရ ရုရှားနဲ့ အမေရိကန်မှာ နျူကလီးယားထိပ်ဖူး ၅,၉၀၀ နဲ့ ၅,၂၀၀ အသီးသီးရှိနေပါတယ်။ ကျန်နိုင်ငံတွေလက်ထဲမှာလည်း နျူကလီးယားထိပ်ဖူးအရေအတွက် ၁၂,၇၀၀ ရှိမယ်လို့ခန့်မှန်းထားပါတယ်။
ဒီလိုတိုးပွားလာနေတဲ့ ကမ္ဘာဖျက်မယ့်လက်နက်တွေကို ဉာဏ်ရည်တုနည်းပညာနဲ့ထိန်းချုပ်မယ်ဆိုရင် မတော်လို့များ နည်းပညာထိန်းချုပ်တဲ့ ကွန်ပျူတာစသည် အမှားအယွင်းရှိခဲ့ရင် အမေရိကန်အဖို့လည်း သူ့နိုင်ငံအပေါ် နျူကလီးယားထိပ်ဖူးတွေသယ်ဆောင်လာတဲ့ဒုံးပျံတွေ ကျလာလေမလား စိုးရိမ်စရာ ဖြစ်လာရပြီး အခုလိုဒီ လက်နက်တွေကို လူတွေကသာတိုက်ရိုက်ကိုင်တွယ်ကြဖို့ တိုက်တွန်းလာတာလည်း ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့်ကတော့ အမေရိကန်အဖို့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်နေတာပဲလို့သာ သုံးသပ်မိပါတော့တယ်။
Ref- Forbes
.