October 20, 2024

၃. ၅. ၂၀၂၄
Written by Nyein Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုနိုင်အောင် အကြမ်းဖက်သောင်းကျန်းသူများက နည်းမျိုးစုံနှင့် ခြိမ်းခြောက်ခံခဲ့ရသည့်ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများကို အထူးအစီအစဥ်ဖြင့် စာမေးပွဲ ပြန်လည်ဖြေဆိုစေလျက်ရှိပြီး သင်္ချာဘာသာရပ် ဖြေဆိုပြီးချိန်အထိ ဖြေဆိုသူရာခိုင်နှုန်း ၅၁ ရာခိုင်နှုန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ အထူးအစီအစဉ် တစ်ရပ်အနေဖြင့်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်အထိ မြန်မာနိုင်ငံအတွင်းရှိ စာစစ်ဌာန ၁၂ ခု၌ ကျင်းပလျက်ရှိရာ ဧပြီ ၂၉ ရက်တွင် မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ ဧပြီ ၃၀ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ မေ ၂ ရက်တွင် သင်္ချာဘာသာရပ်ကိုလည်းကောင်း အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၇၈ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း ၂၇၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် သင်္ချာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၇၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲ (၂) များ ဖြေဆိုမှုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြေဆိုရန် စာရင်းပေးသူဦးရေ၏ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *