October 21, 2024

၃.၅.၂၀၂၄
Written by ZUN

ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ်သတ်မှတ်သည့် ဥပဒေထွက်ရှိတော့မည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိူးမြင့်က MT News ကို မေလ ၃ ရက်တွင် ပြောသည်။

ယင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးဖြင့် ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ကြောင်းနှင့် အဆိုပါဥပဒေ ထုတ်ပြန်အတည်ပြုပြီးပါက ရွှေဈေးကွက် တည်ငြိမ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရွှေအရောင်းအဝယ်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်တယ်။ အဲဒါကို ဥပဒေ ရေးဆွဲနေတယ်။ မကြာခင် ထွက်လာမယ်။ ဘာဖြစ်လာမလဲဆိုတော့ ၂၀၁၂ ခုနှစ်က အရေးကြီးဝန်ဆောင်မှုဥပဒေနဲ့ ငြိစွန်းတယ်။ အဓိက ငွေကြေးခဝါချတာတို့ ဘာတို့၊ လက်နက်၊ မူးယစ်ဆေး၊ ထောက်ပံ့ကြေး စတာတွေနဲ့ ပတ်သက်လို့ အရေးယူမှုတွေ ပိုပြီးရှိလာမယ်။ ဒီဥပဒေကြောင့် ဈေးကွက်ငြိမ်မယ်။ မဟုတ်ရင် ရွှေဈေးကွက်မှာ ဟိုလူက မွှေလိုက် ဒီလူက မွှေလိုက်ဖြစ်နေတယ်”ဟု ဦးမျိုးမြင့်က ပြောသည်။

ရွှေကို အရောင်းအဝယ်ပြုလုပ်ရာတွင် ဈေးကစားနေသူများအား ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရန်အတွက်အရေးကြီးကုန်စည်ဥပဒေဖြင့် ထိန်းကျောင်းနိုင်ရေး လုပ်ဆောင်နေကြောင်း ဗဟိုဘဏ်က ပြီးခဲ့သည့် မတ်လ ပထမပတ်က ပြောဆိုခဲ့သေးသည်။

ယင်းဥပဒေတွင် လက်ဝတ်ရတနာအဖြစ် ဝယ်ယူသူများအပေါ် သက်ရောက်မှုရှိမည် မဟုတ်ဘဲ ဈေးကစားသူများကိုသာ ထိန်းကျောင်းရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“အခုကတော့ အရောင်းအဝယ်က ပုံမှန်ပါပဲ။ အတုံးအခဲတွေသာ လေပတ်ကားသမားတွေကြောင့် ကမောက်ကမ ဖြစ်တယ်။ ဥပမာ အခေါက်တစ်ကျပ်သားတစ်တုံးကို ၄၅ သိန်းနဲ့ ဝယ်ထားတယ်ဆိုပါတော့။ ညနေကျတော့ ၄၅ သိန်းနဲ့ ဝယ်ထားတဲ့ အတုံးကို အတိုးနဲ့ ပြန်ပေါင်းတယ်။ အတိုးက တစ်ကျပ်သားကို သောင်းဂဏန်းလောက် ရှိတယ် ဆိုပါတော့။ နောက်နေ့ကြတော့ အတိုးရယ်၊ ဝယ်ထားတဲ့ ဈေးရင်းရယ်၊ အမြတ်ရယ် ပေါင်းပြီးတော့ ၄၅ သိန်း သုံးသောင်းဆိုပြီး လုပ်လိုက်ပြန်ရော။ ဈေးက ဒီလိုပဲ ထပ်တက်။ အဲဒီလို သဘောမျိုး လုံးလည်လိုက်ပြီးတော့ လုပ်နေကြတာ။ လေပတ်ကားနဲ့ လုပ်နေကြတာ။မိုးလင်းတာနဲ့ FB မှာ ဈေးတင်တယ်။ ညနေကျတော့လည်း ညနေဈေးက ဘယ်လောက်ဆိုတာ ထပ်တင်ပြန်ရော။ အဲဒီလို ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်ကပြဋ္ဌာန်းခဲ့သော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းနှင့် လုပ်ငန်းများကို ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ရာတွင် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့် စသည်တို့ကို ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေကျပ် ငါးသိန်းထက် မပိုသောဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရနိုင်ကြောင်း သိရသည်။

ယနေ့ မေလ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းရွှေဈေးနှုန်းမှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၃၉၉၉၅၀၀ ကျပ် ဖြစ်ပြီး ပြင်ပစျေးမှာ မနက်ခင်းအဖွင့်စျေး၌ ကျပ် ၄၇၅၀၀၀၀ ကျပ်ဖြစ်ကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ၂၃၀၆ ဒေါ်လာ ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *