October 31, 2024

၁၆. ၁၂. ၂၀၂၂
Written by Ye Kyaw

လက်ရှိငွေလဲနှုန်း ရည်ညွှန်းစျေး တစ်‌ဒေါ်လာ ၂၁၀၀ ကျပ်အား ထပ်မံတိုးမြှင့်သွားမည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ဈေးကွက်အတွင်း ဒေါ်လာများ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

စျေးကွက်အတွင်း ဗဟိုဘဏ်ရည်ညွှန်း ငွေလဲလှယ်နှုန်းအား ပြောင်းလဲမည်ဖြစ်ကြောင်း ကောလာဟလ သတင်းများထုတ်လွှင့်ခြင်း၊ စက်သုံးဆီကုမ္ပဏီများက Financing ရယူထားသော ငွေများပြန်လည်ပေးဆပ်ရန် အကြောင်းပြချက်ဖြင့် ဒေါ်လာဈေးနှုန်းများ မြှင့်တင်ရန်ရည်ရွယ်၍ လိုက်လံဝယ်ယူနေခြင်းများ စသည့် သတင်းများထုတ်လွှင့်ပြီး ဈေးကစားရန်နှင့် စီးပွားရေးတိုးတက်မှုများကို နှောင့်နှေးရန် မသမာသူများက ဆောင်ရွက်ကြံရွယ်ခဲ့သည်ကို တွေ့ရကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ဈေးကွက်အတွင်း USD Liquidity အပြင် လုပ်ခလစာငွေလွှဲ ဝင်ရောက်မှုများမှ ဈေးကွက်အတွင်းသို့ ၄၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀၈ သန်း ရောင်းချပေးခဲ့ပြီး ဆက်လက် ရောင်းချပေးမည်ဖြစ်၍ ကောလာဟလများ ထုတ်လွှင့်ကာ စျေးကွက်မတည်ငြိမ်စေရန် သတင်းထုတ်လွှင့်မှုများကို ယုံကြည်မှုမရှိရန်နှင့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းသည်လည်း ပြင်ဆင်ရန် မရှိသေးကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် သတ်မှတ်ထားသော်လည်း ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြင်ပပေါက်ဈေးတွင် အမေရိကန်တစ်ဒေါ် လျှင် ၂၈၅၀ ဝန်းကျင်ရှိကြောင်း ပြင်ပစျေးကွက်မှ သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေစျေးကွက်တွင် မသမာသူများက ဈေးကစားခြင်း၊ ဈေးနှုန်းဆွဲတင်ခြင်းများကြောင့် ပြီးခဲ့သည့်လပိုင်းအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။

ဗဟိုဘဏ်မှ ဝင်ရောက်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *