၃.၅.၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း၊ ဂွမ်ဒုံပြည်နယ်အတွင်း မေလ ၁ ရက် နံနက်အစောပိုင်းနာရီများက ဖြစ်ပွားခဲ့သော အဝေးပြေးလမ်ကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ရပ်ပြိုကျခဲ့မှုတွင် မေလ ၂ ရက်အထိ သေဆုံးသူ စုစုပေါင်း ၄၈ ဦးအထိမြင့်တက်လာကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။
မေလ ၂ ရက် နံနက်ပိုင်းအထိ သေဆုံးသူ ၃၆ ဦးနှင့် ဒဏ်ရာရသူ ၃၀ ဦးသာရှိသော်လည်း ညနေပိုင်းတွင်မူ ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
မီဇိုမြို့နှင့် ဒါဘူမြို့အကြား ဆက်သွယ်ထားသောထိုလမ်းမကြီးက ဒေသတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသစံတော်ချိန် မေလ ၁ ရက် နံနက် ၂ နာရီ ဆယ်မိနစ်တွင် လမ်းအရှည် ၁၇ ဒသမ ၉ မီတာ ရှိအပိုင်း ပြိုကျခဲ့ရပြီး ပြိုကျ ရွှံ့နွံများအတွင်း မော်တော်ယာဉ် ၂၃ စီး နစ်မြုပ်မျောပါနေခဲ့ကြောင်းလည်း သတင်းများအရသိရသည်။
မီဇိုမြို့က တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုံပြည်နယ်အတွင်း မိုးသည်းထန်စွာရွာလေ့ရှိသောနေရာတစ်ခုဖြစ်ပြီး ဧပြီလကုန်ပိုင်းမှစ၍ ဒေသအတွင်း အန္တရာယ်ရှိသောရွှံ့နွံပြိုကျမှုများနှင့် တံတားများပျက်စီးမှုတို့ ဖြစ်ခဲ့ရသည်။
အချင်းဖြစ်ပွားရာသို့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၅၇၇ ဦး၊ မော်တော်ယာဉ် ၈၀ ကျော်နှင့် ပစ္စည်းကိရိယာများကိုပါ စေလွှတ်ထားကြောင်း မီဇိုမြို့တာဝန်ရှိသူများက ပြောခဲ့ကြသည်။ သို့ရာတွင် လမ်းပြိုကျပြီးနောက် အချို့ကားများမှာ ရွံ့နွံများအောက်တွင်နစ်မြုပ်နေ၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အခက်အခဲများရှိနေကြောင်းလည်း သိရသည်။
Ref- Bangkok Post