MT News
၃. ၅. ၂၀၂၄
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ AFF U-16 Championship အတွက် ပဏာမကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ဖွဲ့စည်းနိုင်ရန်အတွက် ဂျပန်နည်းပြ Mita Michiteru နှင့် နည်းပြအဖွဲ့က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ကာ ပြီးခဲ့သည့်နှစ် FIFA – MFF U-15 အထက်/ အောက် မြန်မာပြည်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သူ ကစားသမား ၈၄ ဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီများမှ ယူ-၁၅ ကစားသမား ၄၄ ဦး၊ စုစုပေါင်း ၁၂၈ ဦးတို့အား ကြံ့ခိုင်မှု၊ ကျန်းမာရေး၊ နည်းစနစ်အတိုင်း လိုက်ပါကစားနိုင်မှု စသည်ဖြင့် အဆင့်ဆင့် စမ်းသပ်ရွေးချယ်မှုများ ပြုလုပ်ခဲ့သည်။
ပထမအဆင့် ရွေးချယ်ခံရသော ကစားသမား ၄၀ ကျော်ကို မတ်လဆန်းပိုင်းမှစတင်ကာ သုဝဏ္ဏလက်ရွေးစင် အဆောင်၌ စခန်းသွင်းခဲ့ပြီး မေလဆန်းပိုင်းတွင် အာဆီယံပြိုင်ပွဲအတွက် ၃၁ ဦးသို့ လျှော့ချခဲ့ခြင်းဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေဖြင့် လေ့ကျင့်ခန်းအစီအစဉ်များကို သင်္ကြန်ကာလအပါအဝင် တစ်ရက် နှစ်ကြိမ်၊ တစ်ပတ် ခြောက်ရက် ပြုလုပ်နေပြီး အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တိုင်း လေ့ကျင့်ခြေစမ်းပွဲများ ကစားလျက်ရှိသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးစိုးမြတ်မင်း၊ နည်းပြချုပ်အဖြစ် Mita Michiteru၊ လက် ထောက်နည်းပြများအဖြစ် ဦးအောင်ဇော်မျိုးနှင့် ဦးမြတ်မင်းသူ၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်းတို့က တာဝန်ယူ ဆောင်ရွက်နေကြသည်။
အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက ဇွန် ၂၁ မှ ဇူလိုင် ၄ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စုခွဲဝေမှုကို မကြာမီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၆ ကစားသမားစာရင်း”
ဂိုး- ထက်ဝေယံဇော် (မန္တလေး အကယ်ဒမီ)၊ ဘုန်းပြည့် (နေပြည်တော် အကယ်ဒမီ)၊ ရှိုင်းထက်ကျော် (Yarmanya FC)၊ ထက်ဝေယံ (Yangon Focus FC)။
နောက်တန်း- အောင်သီဟ (Rakhine United FC)၊ မြတ်မင်းကျော်၊ ဇေယျာထက်၊ မြတ်ဘုန်းခန့်၊ စိုင်းမောဝ်ဟန်၊ မျိုးခန့်ကျော်၊ အောင်သော်ခန့် (မန္တလေး အကယ်ဒမီ)၊ သီဟအောင် (Soccer Care FC/ I.S.P.E MDY)၊ ကောင်းခန့်သူ (Sagaing United FC)၊ ဉာဏ်အောင်၊ ခွန်ဆန်းမင်း (Shan FC)။
အလယ်တန်း- သော်ဇင်ကို (Su Latt Myint Mo FC/ ရန်ကုန် အကယ်ဒမီ)၊ ကျော်သီဟ၊ ဘေလားဖုန်ရမ်၊ ကျော်ညီညီ၊ ဝေငြိမ်းချမ်းလွင် (မန္တလေး အကယ်ဒမီ)၊ စိုင်းစွမ်ဆိုင်၊ ခွန်မောင်လုံး၊ ခွန်အောင်ဆန်း (Shan FC)၊ စွမ်းဇာနည် (Rakhine United FC)၊ သူရမင်းသန့် (ရန်ကုန် အကယ်ဒမီ)။
ရှေ့တန်း- ခန့်ဝင်းအောင်၊ မျိုးနန္ဒအောင် (မန္တလေး အကယ်ဒမီ)၊ ဇော်လင်းအောင် (City Shwe Pyi Thar FC)၊ ညီညီသန့် (Rakhine United FC)၊ ဇေထက်အောင် (Royal Yangon Thet Lon FC)၊ ရှားကိုကို (Sagaing United FC)။
News & Photo Ref, MFF