November 5, 2024

၃. ၅. ၂၀၂၄
Written by Ye Kyaw

စားအုန်းဆီများအား အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ်ငွေ ၂ ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းချရန်နှင့် အဆိုပါဈေးနှုန်းအတိုင်း ရောင်းချရာတွင်လည်း အခြားဆီများ ရောနှောရောင်းချခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ ပြည်ပမှ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ တင်သွင်းနိုင်ရေး၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့် စားသုံးသူများ ဝယ်ယူသုံးစွဲနိုင်စေရေး၊ စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းစီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုအခါ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူတချို့သည် အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှုစရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာ ထပ်ဆောင်းရောင်းချမှုများရှိကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့‌ဆောင်စရိတ်နှင့် အမြတ် ၂ ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းချကြရန် ထုတ်ပြန်ထားသည်။

ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသော ရည်ရွယ်ချက်ဖြင့် အခြားဆီများနှင့် ရောနှောရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စက်မှုလုပ်ငန်းသုံးအတွက် တင်သွင်းလာသော စားအုန်းဆီများကို ဝယ်ယူသုံးစွဲသည့် လုပ်ငန်းများအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများတွင်သာ အမှန်တကယ်သုံးစွဲကြရန်နှင့် ပြင်ပသို့ ပြန်လည်ရောင်းချခြင်း မပြုလုပ်ကြရန် အလေးနက်ထား တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ်ရာခိုင်နှုန်း မြင့်မားစွာထပ်ဆောင်းပြီး ရောင်းချနေမှုများရှိနေ၍ ဝိသမလောဘဖြင့် ဈေးတင်ရောင်းသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဧပြီ ၂၅ ရက်တွင် ထပ်မံအသိပေး ကြေညာထားသည်။ အဆိုပါဥပဒေအရ ပြစ်မှုရှိကြောင်း အရေးယူခံရသူသည် ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်ပြင် ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်လည်းချမှတ်ခြင်းခံရမည်ဖြစ်သည်။

စားသုံးသူရေးရာဦးစီးဌာမှ ထုတ်ပြန်ထားသည့် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အတွင်း ရောင်းချရမည့် စားအုန်ဆီ ရည်ညွှန်းသတ်မှတ်ဈေးမှာ တစ်ပိဿာ ကျပ် ၅၃၄၀ ကျပ်ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာ ကျပ် ၈၀၀၀ ဝန်းကျင်အထိ မြင့်တက်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ အရေးယူမည်ဟု ထုတ်ပြန်မှုများ ဆက်တိုက်ဆောင်ရွက်လာ၍ ဈေးနှုန်းဖော်ပြရာတွင် ဈေးနှုန်းချထားသော်လည်း အဆိုပါကျဈေးဖြင့် ဝယ်ယူ၍မရရှိကြောင်း စားအုန်းဆီအရောင်းအဝယ်ပြုလုပ်နေသူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *