၃.၅.၂၀၂၄
Written by TZ
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကုတင် (၃၀၀) ဆေးရုံအနီး လယ်သာရွာအနောက်ဘက်တွင် တည်ရှိသည့် YGW ပရဟိတမိဘမဲ့စာသင်ကျောင်းမှာ မေလ ၂ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မိုးသက်လေပြင်းများတိုက်ခတ်၍ ထိုစာသင်ကျောင်းဆောင်ရှိ အမိုးများလန်သွားသောကြောင့် စာသင်ကြားရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
လာမည့် မေလ ၇ ရက်နေ့တွင် YGW ပရဟိတမိဘမဲ့စာသင်ကျောင်းကို ကိုရီးယားပရဟိတအဖွဲ့မှ ထိုကျောင်းရှိကလေးများကို ကိုရီးယားစာသင်ကြားပို့ချမည်ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ပေ ၁၂၀ ရှိသည့် စာသင်ကျောင်းအမိုးရှိ အရှေ့ခြမ်းတွင် သွပ်များလန်သွားသောကြောင့် စာသင်ကြားရန် အခက်အခဲဖြစ်ပေါ်နေရကြောင်း ထိုကျောင်းရှိ ဆရာတော်မှ MT News သို့ မိန့်သည်။
“အမိုးတွေလန်တော့ စာသင်ဖို့အခက်အခဲ ဖြစ်သွားပြီ။ အခု ၇ ရက်နေ့ကြရင် ကိုရီးယားပရဟိတအဖွဲ့က ကလေးတွေကိုစာသင်ပေးမှာ။ ပြီးတော့ လာမဲ့ ၇ လပိုင်းကျရင် ကျောင်းတွေဖွင့်တော့မှာဆိုတော့ ဆုံးရှုံးသွားတဲ့ သွပ်တွေကိုအမြန်ဆုံး မိုးဖို့ပြုပြင်ရမှာ။ ဒီကြားထဲ အလှူရှင်တွေမြန်မြန်ရရင် ကလေးတွေအတွက် ပိုအဆင်ပြေတယ်။ ဆုံးရှုံးတာတွေက ကျောင်းအမိုးတွေရယ်၊ စတိုခန်းနဲ့ ကားပါကင်ထားတဲ့နေရာ ကုန်သွားတာ။ ကျောင်းက ၉ တန်းထိရှိတယ်။ ကလေးတွေနေတဲ့အဆောင်တော့ ဘာမှမဖြစ်ဘူး။ ကလေးတွေဆို အသက် ၄ နှစ်အရွယ်ကနေစပြီး ဆယ်ကျော်သက်အရွယ်ထိရှိတယ်”ဟု YGW ပရဟိတမိဘမဲ့စာသင်ကျောင်းရှိ ဆရာတော်မှ မိန့်သည်။
ထို YGW ပရဟိတမိဘမဲ့စာသင်ကျောင်းတွင် လူဦးရေ ၄၀၀ ရှိကြောင်း၊ လက်ရှိအချိန်တွင် ဆုံးရှုံးသွားသည့် သွပ်မိုးများကို ပြန်လည်မိုးရန်အတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း၊ မိဘပြည်သူများအနေဖြင့် ထိုကျောင်းအား ပြန်လည်ပြုပြင်ရန်အတွက် လှူဒါန်းချင်လိုပါက ဖုန်း ၀၉-၄၅၅၆၂၀၂၂၂ နှင့် ၀၉-၂၂၂၈၀၂၈ တို့အား ဆတ်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Photo -YGW ပရဟိတမိဘမဲ့စာသင်ကျောင်းနေပြည်တော်