၃.၅.၂၀၂၄
Written by ZUN
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် လက်ကိုင်ဖုန်းကို ကိုင်ပေါက်လိုက်သော ပန်းရန်ခေါင်းဆောင်အား ပန်းရန်လုပ်သားက အုတ်ခဲဖြင့် ထုရိုက်ခဲ့သည့်အတွက် ယင်းဒဏ်ရာဖြင့် ပန်းရန်ခေါင်းဆောင်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သတ်ဖြတ်သည့်ပန်းရန်လုပ်သားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၂ ရက် နံနက်ပိုင်း တစ်နာရီ မထိုးမီအချိန် (မေလ ၁ ရက် ည သန်းခေါင်ကျော်) က တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက်၊ ဝရုဏာ (၇) လမ်းရှိ ဆောက်လုပ်စ တိုက်အမှတ် (၇၄၉) ၌ အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တောင်ဥက္ကလာမှာ ပန်းရန်ခေါင်းနဲ့ အလုပ်သမားရန်ဖြစ်တာ ဟုတ်တယ်။ ပန်းရန်ခေါင်း အသတ်ခံရတာလည်း ဟုတ်ပါတယ်။ အုတ်ခဲနဲ့ထုလိုက်တာ။ ငပိန်က သူ့ဖုန်းကွဲသွားလို့ ဒေါသနဲ့ အုတ်ခဲကောက်ပြီး ထုလိုက်တာ။ လေးငါးချက်လောက် ထုလိုက်တာ။ အားနဲ့ ထုလိုက်တာပေါ့။ မူးနေကြတာကိုး။ အဲဒါကြောင့် အသက်ပါသွားတယ်။ အခု (ပ)၁၂၂/၂၀၂၄ ရာဇသတ်ကြီး ၃၀၂ နဲ့ အမှုဖွင့်ထားပါပြီ”ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက MT News ကို မေလ ၂ ရက် ညပိုင်းက ပြောသည်။
သေဆုံးသည့် ပန်းရန်ခေါင်းဆောင်မှာ ဦးထွန်းဝင်းဆိုသူ ဖြစ်ပြီး ပန်းရန်လုပ်သားမှာ အေးချမ်း (ခေါ်) ငပိန်ဆိုသူ ဖြစ်ကြောင်း၊ ယင်းတို့ နှစ်ဦးမှာ အရက်အတူသောက်နေစဉ် စကားများကြရာ ဦးထွန်းဝင်းက အေးချမ်း (ခေါ်) ငပိန် ၏ လက်ကိုင်ဖုန်းကို ကိုင်ပေါက်လိုက်သောကြောင့် အဆိုပါ လက်ကိုင်ဖုန်းမှာပျက်စီးသွားသည့်အတွက် ဒေါသ မထိန်းနိုင်ဖြစ်ကာ အနီးရှိ အုတ်ခဲဖြင့် ဦးခေါင်းကို ထုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။