October 31, 2024

၁၆. ၁၂. ၂၀၂၂
Written by Pan Ei

မလေးရှားနိုင်ငံတွင် သောကြာနေ့ (ဒီဇင်ဘာ ၁၆ ရက်) နံနက်အစောပိုင်းက လူအများ စခန်းချရာ ဂျင်တင်ကုန်းမြင့်တွင် လူများအိပ်ပျော်နေစဉ်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့သည့်အတွက် အနည်းဆုံး လူ ၁၆ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ရွှံ့နွံများနှင့် လဲကျနေသော သစ်ပင်များအကြား လူ ၂၀ ကျော် ပျောက်ဆုံးနေကာ ကယ်ဆယ်ရေးသမားများက ရှာဖွေနေသည်ဟု အာဏာပိုင်များက ပြောသည်။

မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူမြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ဆီလန်ဂေါပြည်နယ်ရှိ ရေတံခွန်များနှင့် သဘာဝအလှတရားများကြောင့် လူသိများသော ဂျင်တင်ကုန်းမြင့်တွင် မြေပြိုမှုသည် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ပြီး စခန်းချရာနေရာ ဂျင်တင်ကုန်းမြင့်အပြင် အော်ဂဲနစ်စိုက်ပျိုးရေးခြံတစ်ခုပါ မြေပြိုမှုတွင်ပါခဲ့ကြောင်း ပြည်နယ်မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ထုတ်ပြန်ချက်အရ မြေပြိုမှုတွင် လူ ၉၀ ကျော် မျောပါခဲ့ပြီး ၅၉ ဦးကို ဘေးကင်းစွာ ရှာဖွေကယ်တင်နိုင်ခဲ့ကာ လူ၂၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ခရိုင်ရဲချုပ် Suffian Abdullah သည် “သေဆုံးသူအားလုံးမှာ မလေးရှားနိုင်ငံသားများဖြစ်ပြီး အသက် ၅ နှစ်ခန့် ကလေးတစ်ဦးလည်း ပါဝင်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုများကို ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၄၀၀ ကျော်နှင့် ဆက်လက်လုပ်ဆောင်နေကြောင်း” သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြေပြိုမှုသည် စခန်းချရာနေရာမှ အထက် ခန့်မှန်းခြေ မီတာ ၃၀ (ပေ ၁၀၀) ခန့်မှ စတင် ပြိုကျလာပြီး ဧရိယာ တစ်ဧက (၀.၄ ဟက်တာ) ခန့် ဖုံးလွှမ်းခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ပြောသည်။

မြေပြိုမှု ဖြစ်ပွားရာ အနီးတဝိုက်ရှိ စခန်းချနေရာများနှင့် ရေကစား အပန်းဖြေနေရာများအားလုံးကို ထပ်မံသတိပေးချက်မရသေးမီအထိ ချက်ချင်းပိတ်ထားရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။

ဆီလန်ဂေါပြည်နယ်သည် မလေးရှားနိုင်ငံ၏ အချမ်းသာဆုံးပြည်နယ်ဖြစ်ပြီး ယခင်က သစ်တောနှင့် မြေယာရှင်းလင်းမှုများကြောင့် မြေပြိုမှုများ ကြုံတွေ့ခဲ့ဖူးသည်။

လွန်ခဲ့သည့်နှစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မလေးရှားနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်ခုနစ်ခုတွင် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၂၁,၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ရသည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *