October 21, 2024

၁. ၅. ၂၀၂၄
Written by Zaw Moe

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းထောင်ဖောက်ခွဲခံရ၍ ကုန်တင်ရထား လမ်းချော်ခဲ့ပြီး လူစီးအမြန်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းခဲ့ရမှုနှင့် ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ငနုသန်းသံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲခံရမှု ယနေ့တွင် ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ထုတ်ပြန်ထားသည်။

ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းဘူတာနှင့် ညောင်ပင်သာဘူတာအကြား မိုင်တိုင်အမှတ် ၁၂၅/၁-၄ အတွင်း ရထားမဖြတ်သန်းမီအချိန်က သောင်းကျန်းသူအဖွဲ့၏ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံထားရသဖြင့် မလွှကုန်း-မြစ်ငယ် ခရီးစဉ်အတိုင်း ထွက်ခွာလာသည့် အမှတ် (၉၀၁) အဆန် ကုန်ရထားသည် ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ရထားစက်ခေါင်းအပါအဝင် စက်ခေါင်းမောင်းနားနေအတွဲနှင့်ကုန်တွဲ တွဲလွတ် (၃)တွဲ စုစုပေါင်းစက်ခေါင်းနှင့်တွဲ (၄) တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ရန်ကုန်မှထွက်ခွာလာသည့် ခရီးသည် ၂၈၈ ဦးပါ အမှတ် (၁၁)အဆန် လူစီးအမြန်ရထားသည် ကျောက်တန်းဘူတာသို့ ရောက်ရှိချိန် ရန်ကုန်ဘက်သို့လည်းကောင်း မန္တလေးမှထွက်ခွာလာသည့် ခရီးသည် ၁၇၄ ဦးပါ အမှတ် (၁၂) အစုန် လူစီးရထားသည် မြစ်သားသို့ ရောက်ရှိချိန် မန္တလေးဘက်သို့လည်းကောင်း ပြန်လည်ပို့ဆောင်ပေးခဲ့ရသဖြင့် ခရီးသည်များအား ခရီးအဆုံးထိ ပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲ အဆိုပါလူစီးအမြန်ရထား ၂ စင်းအား ယာယီဖျက်သိမ်းခြင်းပြုလုပ်ခဲ့ရသည်။

မြန်မာ့မီးရထားဝန်ထမ်းများက လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မ,တင်၍ လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိုင်းပေါက်ကွဲမှုကြောင့် အစုန်လမ်းပေါ်တွင် ကွန်ကရစ်ဇလီဖား ၁၀ တုံး၊ သံလမ်းပေ ၈၀ ခန့်ပျက်စီးခဲ့သကဲ့သို့ အဆန်လမ်းပေါ်တွင် ကွန်ကရစ်ဇလီဖာတုံး ၃၂ တုံး၊ သံလမ်းပေ ၃၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့နံနက် ၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ကညွတ်ကွင်းမြို့နှင့် ညောင်ပင်သာမြို့ကြား၊ မိုင်တိုင်အမှတ် ၁၁၈/၀ နှင့် တံတားအမှတ် (၁၉၂) နေရာ ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် အရှည် ၇၀ ပေ အကျယ် ၆၄ ပေ ငနုသန်းသံကူကွန်ကရစ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF များက မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတား၏အလယ် အလျား ၅၀ ပေခန့်နှင့် အကျယ် ၅၀ ပေခန့် ပြိုကျပျက်စီးခဲ့သည်။ အလားတူ ၎င်းတံတား၏ အနောက်မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းအား မိုင်းထောင်ဖောက်ခွဲမှုကြောင့် ရထားလမ်းဟောင်း၌ ရထားလမ်းသံဘောင် ၂ ခုမှာ ၁၀ ပေခန့် ပြုတ်ထွက်ပျက်စီး၍ ရထားလမ်းသစ်သံဘောင် ၂ ခုမှာ ပေ ၂၀ ခန့် ပြုတ်ထွက်ပျက်စီးခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်လုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း ၁၃၁ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၅၄ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်းထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူလွန်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *