October 21, 2024

၁.၅.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ်နာဒူးခရိုင်အတွင်းရှိ ပုဂ္ဂလိက သတ္တုကျောက်ကျင်းတစ်ခု၌ သိုလှောင်ခန်းတစ်ခုတွင် မေလ ၁ ရက်က ပြင်းထန်လှသောပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်ပွားခဲ့ရာ အလုပ်သမားလေးဦး သေဆုံးပြီး အခြားရှစ်ဦးမှာလည်းပြင်းထန်စွာဒဏ်ရာများရခဲ့ကြကြောင်း သတင်းများအရသိရသည်။

ရဲတပ်ဖွဲ့က ပေါက်ကွဲမှုမှာ ကာရီယာပတ်တီမြို့အနီးရှိ Aaviyur ကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားတစ်စုက ပေါက်ကွဲစေနိုင်သော Gelatin အချောင်းများနှင့်စနက်တံများကို ဗင်ကားတစ်စီးပေါ်မှ သိုလှောင်ခန်းအတွင်းသို့ သယ်ချနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

သေဆုံးသူများ၏ အလောင်းများဆိုလျှင် ပေါက်ကွဲမှုကြောင့် ပုံသဏ္ဍာန်ပျက်အောင်ပင် ပျက်စီးနေကြ၍ မည်သူမည်ဝါဖြစ် သည်ကို အထူးစစ်ဆေးနေရကြောင်းလည်း ပြောခဲ့သည်။

တမီလ်နာဒူးခရိုင် မီးသတ်နှင့်ကယ်ဆယ်ရေးဦးစီးဌာနနှင့် ဗုံးရှာဖွေရေးနှင့် ရှင်းလင်းရေးတပ်ဖွဲ့မှတာဝန်ရှိသူများက အချင်းဖြစ်ပွားရာသို့ရောက်ရှိလာခဲ့ကြကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၍ ပေါက်ကွဲခြင်းမရှိသေးသော ကျန်ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများကိုလည်း ရှင်းလင်းခဲ့ကြရကြောင်း သိရသည်။

ပေါက်ကွဲမှုမှာ အားပြင်းလှ၍ ပတ်ဝန်းကျင်ရှိ ကျေးရွာနေသူများက ၎င်းတို့မှာအလွန်ပင်တုန်လှုပ်သွားခဲ့ကာ အိမ်အချို့ဆိုလျှင်နံရံများ၌ပင် အက်ကြောင်းများဖြစ်ကုန်ကြောင်း ပြောခဲ့သည်။ Aaviyur ရွာသူရွာသားများက ကျောက်ကျင်းကိုပိတ်ပစ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

ဒဏ်ရာရရှိသူများကို နိုင်ငံပိုင်ဆေးရုံတစ်ရုံသို့ တင်ထားကြောင်း ပြောခဲ့ကြသည်။ သို့သော် ၎င်းတို့၏ နောက်ဆုံးအခြေအနေများကို မသိရသေးပေ။

Ref- UNI

Leave a Reply

Your email address will not be published. Required fields are marked *