October 20, 2024

◾️အများပြည်သူ အဆင်မပြေမှုများရှိပါက နားလည်ပေးပါရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်စီးခံရမှုများကို ဝိုင်းဝန်းစောင့်ရှောက်ပေးရန် မေတ္တာရပ်ခံ

၁. ၅. ၂၀၂၄
Written by Nyein Kyaw

ရေအားလျှပ်စစ်စက်ရုံ ၅ ရုံမှ ထွက်ရှိသည့် ဓာတ်အားများ ပို့လွှတ်နေသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုလျော့နည်းနေခြင်းတို့ကြောင့် လက်ရှိတွင် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်နိုင်၍  ဝန်အားထိန်းညှိကာ ဝန်အားလျှော့ချရခြင်းများ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် တပ်ဆင်စက်အင်အားမှာ ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံမှ ၃၂၂၈ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံမှ ၃၆၃၈ ဒသမ ၃၆၄ မဂ္ဂါဝပ်၊ ကျောက်မီးသွေးစက်ရုံ ၂ ရုံမှ ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ၆ ရုံမှ မဂ္ဂါဝပ် ၁၈၀ ဖြင့် စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၉ ရာခိုင်နှုန်းတိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း ၅၄၄၃ မဂ္ဂါဝပ်လိုအပ်လျက်ရှိသော်လည်း တပ်ဆင်အင်အားအတိုင်း စက်များစွမ်းအားပြည့် မောင်းနှင်နိုင်ပါက လုံလောက်မှုရှိသော်လည်း လက်ရှိကာလတွင် ‌ရွှေကျင် ၇၅ မဂ္ဂါဝပ်၊ ဘီလူးချောင်း (၁)၊ (၂)၊ (၃) တို့မှ ၂၄၈ မဂ္ဂါဝပ်နှင့် သဖန်းဆိပ် (၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေးရေး စက်ရုံများမှ ထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား ၃၅၃ မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်နေရခြင်းဖြစ်ဖြစ်သည်။

ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချို့မှာ ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသည်။

ထို့ကြောင့် စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ‌ ရေအားနှင့် သဘာဝဓာတ်ငွေသုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆= ၇၉၉) မဂ္ဂါဝပ်ခန့်အထိ အသားတင်လျော့နည်း ထုတ်လုပ်နေရခြင်းဖြစ်သည်။

ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား ၆၃၈၅ ဒသမ ၄၆ မဂ္ဂါဝပ်မှ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် စီမံ‌ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လမှ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအား ချိန်ညှိ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှုတို့အား ထိန်းညှိ၍လုံလောက်စွာမရှိသဖြင့် တပ်ဆင်ထားသော စက်များ၏ စက်စွမ်းအားအပြည့်လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျှမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားအပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်းအား အချိုးကျခွဲဝေပို့လွှတ်ခဲ့ပြီး သုံစွဲသူပြည်သူများ အဆင်ပြေစေရန်အတွက် အုပ်စုခွဲ၍ အချိန်အပိုင်းအခြားလိုက် ခွဲဝေဖြန့်ဖြူနေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်စီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်း‌ဆောင် ရွက်လျက်ရှိကာ စီမံကိန်းအသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *