October 20, 2024

၁.၅.၂၀၂၄
Written By Thandar

ယနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အသက် ၃၈ နှစ်ပြည့်ကုသိုလ်အဖြစ် ရန်ကုန်မြို့ တာမွေမြို့နယ် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်မှာ ရဟန်းခံပြီး သာသနာ့ဘောင်ကို အဆို တော် ညီမင်းခိုင်က ဝင်ရောက်ခဲ့ပါတယ်။

“ဒီနေ့က အမေမွေးပေးတဲ့ မွေးရက်လည်းဖြစ်တယ်။ ခုကတော့ ဘုရားတရား မိဘဆရာသမားကိုလည်း ရည်စူး ဖြစ်တယ်။ ကိုယ့်မွေးနေ့ဖြစ်တော့ ရဟန်းဘောင်ဝင်ခဲ့တယ်။ ဒုလ္လဘဝတ်တာ ၄ ကြိမ်မြောက်ပေါ့။ ခုလိုပဲ ဆံပင်ရှည်ကိုဖြတ်တာလည်း လေးကြိမ်မြောက်ပါပဲ။ ဒါနဲ့ဆိုရင် လေးကြိမ်တိတိ ဒုလ္လဘဝတ်ခဲ့တာပါ။ ခင်ပွန်းကြီး (၁၀) ပါးကို ကျေးဇူးဆပ်ချင်တဲ့ အနေနဲ့ ၃၈ နှစ်ပြည့်မှာ သာသနာ့ဘောင်ကို ဝင်ဖြစ်တာပါ” လို့ အဆိုတော် ညီမင်းခိုင်ကပြောပါတယ်။

သူဟာ “နွယ်နီ” သီချင်းလေးနဲ့ ပရိသတ်ရင်ကို ဖမ်းစားနိုင်ခဲ့တဲ့ သူလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက “ညီမင်းခိုင်နှင့် ဆယ့်ခြောက်နှစ်မိန်းမပျို” သီချင်းခွေသစ်ကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ ညီမင်းခိုင်ကတော့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ရွာဘက်မှာ ပထမဆုံးအကြိမ် ဒုလ္လဘဝတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ဒုတိယအကြိမ်၊ ၂၀၁၈ ခုနှစ်က တတိယအကြိမ် ဒုလ္လဘဝတ်ဖြစ်တာလည်း ဖြစ်ပါတယ်။ ယခု ၂၀၂၄ ခုနှစ်မှာတော့ စတုတ္ထအကြိမ် ဒုလ္လဘကို ၁၈ ရက်ကြာ ဝိနည်းထိန်းသိမ်းပြီး နေထိုင်သွားမယ်လို့ သိရပါတယ်။

“ရဟန်းခံသူ တစ်ယောက်အနေနဲ့ ဆံပင်ဆိုတာထက် ဗုဒ္ဓကို ကိုးကွယ်သူ တစ်ယောက်အနေနဲ့ ဘယ်အရာမဆို စွန့်လွှတ်နိုင်ရမယ်လေ။ ဖြစ်နိုင်မယ်ဆိုရင် ဘုန်းကြီးတစ်သက်လုံး ဝတ်ချင်တဲ့ ဆန္ဒတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ကိလေသာထဲမှာ နည်းနည်း ပျော်ဝင်နေသေးတော့ ရုန်းထွက်ဖို့ မလွယ်သေးပါဘူး” လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *