◾ တိုင်ကြားခံနေရသော ဆက်ကြေးကောက်မှုများအတွက် မကြာမီမြေပြင်ကွင်းဆင်းစစ်ဆေးမည်ဟုဆို
◾ လူဦးရေ တစ်သိန်းကျော်သော CDM ဝန်ထမ်းများအတွက် ၂၈ လအတွင်း ကျပ် ၄၃၆ သန်းကျော်သာ ထောက်ပံ့နိုင်၍ CDM ဝန်ထမ်းတစ်ယောက် တစ်လပျမ်းမျှ ကျပ် ၁၅၀ ခန့်သာရ
၁. ၅. ၂၀၂၄
Written by Nay Moe
PDF တွေ၊ ပကဖတွေ၊ ပလဖတွေ၊ ပအဖတွေက အခွန် ကောက်ခံတယ်ဆိုပြီး အဆမတန်ကောက်ခံနေတာကြောင့် ဆက်ကြေးကောက်တယ်ဆိုပြီး NUG ကို တိုင်ကြားနေရတဲ့ ဖြစ်စဉ်တွေ PDF တွေက သစ်ခိုးထုတ်တယ်ဆိုတဲ့ တိုင်ကြားမှုများစွာရှိနေသလို တကယ့်လက်တွေ့မှာ အခွန်ဆိုတာထက် ဒဏ်ကြေးသဘောဖြစ်နေပြီး ဒီငွေတွေကိုလည်း မြေပြင်အဖွဲ့အစည်းတွေက သုံးစွဲနေတာဖြစ်တဲ့အကြောင်းနဲ့ တိုင်ကြားခံရတဲ့ ဒီအခွန်ကောက်ခံမှုတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ပြောပါတယ်။
“အခွန်နဲ့ ပတ်သက်ရင် ကောက်ခံနေတာက အားလုံး ၄၂ မြို့နယ်ရှိပါတယ်။ အဲဒီတော့ အခွန်မူဝါဒအနေနဲ့ ပြောမယ်ဆိုရင် ပြည်သူအပေါ်မှာ တိုက်ရိုက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်ကောက်ခံမှုတွေကို ဟို ကျွန်တော်တို့ မကောက်ဘူး။ အဓိကတော့ အဲဒီ လောင်စာဆီသယ်တာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ တခြားသော ဒီဒီဒီ ကျောက်မီသွေးတို့ သယ်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ဒဏ်ကြေးတွေပေါ့။ အဓိကတော့ ကျွန်တော်တို့ရရှိနေတာတွေက အခွန်ဆိုတာထက်စာရင် ဒဏ်ကြေးတွေများပါတယ်။ လက်ရှိ ကျွန်တော်တို့ အခု စီမံဘဏ္ဍာရဲ့ အစီရင်ခံစာမှာပါတဲ့ ကောက်ခံရရှိနေတဲ့ အခွန်တွေရဲ့ ၈၀ လောက်က ဒဏ်ကြေးအပေါ်မှာ ကောက်ခံရရှိနေတာဖြစ်ပါတယ်။ အဲဒီတော့ ပြန်လည်သုံးစွဲမှုနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့က အခုအချိန်မှာက ဒီမြို့နယ်တွေအပေါ်မှာ ပြန်လည်သုံးစွဲခွင့်ပေးထားတာများပါတယ်။ အဲဒီတော့ မြို့နယ်မှာရှိတဲ့ ပကဖက ၃၀ ရာခိုင်နှုန်း၊ ပအဖက ၃၀ ရာခိုင်နှုန်း၊ ပြီးတော့ လူသားစာနာတို့ ကျန်းမာရေး၊ ပညာရေးတို့ဘက်လည်း ၁၀ ရာခိုင်နှုန်းစီကို ပြန်လည်သုံးစွဲပါတယ်။ ဒါကြောင့် အခွန်ပြန်လည်သုံးစွဲမှုကို ပြောရမယ်ဆိုလို့ရှိရင် မြို့နယ်တွေကို သုံးစွဲခွင့်ပေးထားတာက ၈၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုမှ ဗဟိုကပဲ စီမံခန့်ခွဲပါတယ်။ ဒါတောင်မှပဲ အဲဒီ ၂၀ ရာခိုင်နှုန်းထဲက သက်ဆိုင်ရာမြို့နယ်က သူတို့မှာ အရေးပေါ်သုံးစရာလိုအပ်နေသေးတယ်၊ လူသားစာနာအတွက် ဘယ်လောက်ထပ်လိုပါတယ်ပြောရင် အဲဒီ ၂၀ ရာခိုင်နှုန်းကို မြို့နယ်တွေကိုပဲ ပြန်ပြီး ပေးသုံးဖြစ်ပါတယ်။ ဒါကြောင့်မို့ အခွန်သုံးစွဲမှုဟာ ဗဟိုက မူအရ ချပေးတာသာဖြစ်ပြီးတော့ လက်တွေ့သုံးစွဲအကောင်အထည်ဖော်တာကတော့ မြို့နယ်တွေကသာ သုံးစွဲနေတာဖြစ်တယ်။ နောက်တစ်ခုကတော့ အခွန်နဲ့ ပတ်သက်ပြီး ဂိတ်တွေဖွင့်တာက Registration လုပ်ပြီးမှ ဂိတ်တွေ ဖွင့်တာဖြစ်ပါတယ်။ Registration မလုပ်ဘဲ ဂိတ်တွေဖွင့်တာမျိုး လက်မခံဘူး။ ဒါပေမဲ့ ကျွန်တော်တို့လည်း ကြားပါတယ်။ တချို့နေရာတွေကြတော့ ကျွန်တော်တို့ထိန်းချုပ်မှုအောက်မရှိတဲ့ တချို့သောအဖွဲ့တွေကလည်း ဂိတ်ဖွင့်ပြီးကောက်နေကြတာရှိတယ်။ ကျွန်တော်တို့အောက်မှာရှိတဲ့ ဂိတ်တွေကလည်း လုံခြုံရေးအရ ရွှေ့ပြောင်းကောက်ခံနေရတာရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကိုလည်း သေချာပြင်ဆင်ပြီးတော့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ဖို့အတွက် လုပ်နေပါတယ်။ နောက်တစ်လလောက်ဆို NUG ရဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တစ်ခု ပီပီပြင်ပြင် ပေါ်လာမှာဖြစ်ပါတယ်။ အဲဒါတွေကို ထိန်းကျောင်းနိုင်ဖို့ဆိုရင် မြေပြင်ကွင်းဆင်းစစ်ဆေးရေးက အရေးကြီးတဲ့အတွက်ကြောင့် ဒါကို ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ NUG မှာ ပြည်ထဲရေးဝန်ကြီးတာဝန်ယူထားသူ ဦးလွင်ကိုလတ်က ဆိုပါတယ်။
NUG ဩဇာခံ PDF အဖွဲ့တွေအနေနဲ့ အခွန်အခကောက်ခံတာ၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်တဲ့နည်းနဲ့ ရန်ပုံငွေရှာဖွေတာဟာ မှားယွင်းတဲ့နည်းလမ်းလို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလဆန်းထဲမှာ ပထမဆုံးဝေဖန်ထောက်ပြလာပြီး ပခုက္ကူမြို့နယ်အတွင်းမှာလည်း အခွန်ကောက်ဖို့သတ်မှတ်နေရာမှအပ ကျန်နေရာတွေကို အခွန်မကောက်ဖို့ တားမြစ်စာ ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေက လှူဒါန်းမှုနည်းပါးလာချိန်မှာ PDF အဖွဲ့တွေဟာ ရန်ပုံငွေရဖို့ ဆက်ကြေးတောင်းတာ၊ နှစ်လုံးထီ၊ ချဲထီ၊ မူးယစ်ဆေး၊ လောင်းကစားသမားတွေနဲ့သစ်မှောင်ခို၊ ရေနံမှော်လုပ်ကိုင်သူတွေကို ဖမ်းဆီးငွေညှစ် ပြန်ပေးဆွဲ ဓားပြတိုက်တာ လုပ်ကြသလို လုယက်သတ်ဖြတ်မှုတွေလည်း ကျုးလွန်ပြီးရန်ပုံငွေရှာနေကြတာပါ။
ဒါကြောင့်မို့လို့ PDF တွေ ကြီးစိုးနယ်မြေတွေက လမ်းမကြီးများနှင့်လမ်းပိုင်းအချို့မှာ လုံခြုံရေးဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေ၊ ဝါးတားဂိတ်တွေ ဖွင့်လှစ် အခွန်ကောက်ခံတာတွေ လုပ်နေကြသလို အခွန်ဆိုတာက ပြည်သူလုထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ဖို့မလိုအပ်ဘဲ သင့်လျော်မျှတတဲ့နှုန်းထားနဲ့သာ ကောက်ခံရမှာဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမှ လက်ဝါးကြီးအုပ်စိုးမိုးချုပ်ကိုင်ဖို့မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးနဲ့ နယ်မြေတည်ငြိမ်ရေးအတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်ထောင်စုအဆင့် အညီအမျှ အချိုးကျမျှဝေသုံးစွဲရမည်ဆိုတဲ့မူဝါဒကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်ခံကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ ဝက်လက်မြို့နယ်ထဲက PDF တွေ LPDF တွေ အခွန်မကောက်ဖို့ ဆက်ကြေးကောက် အလှူမခံဖို့ သက်ဆိုင်ရာအဖွဲ့တွေက တားမြစ်စာထုတ်ထားပေမဲ့လည်း လက်ရှိအချိန်အထိတော့ PDF တွေ၊ ပကဖတွေ၊ ပလဖတွေ၊ ပအဖတွေက ပြည်သူကို ဆက်ကြေးကောက်မှု တားဆီးနိုင်တာ မရှိသေးပါဘူး။
ဒါ့အပြင် NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနဟာ ရန်ပုံငွေရှာဖွေရှာမှာ အောင်လံလွှင့်ချီ နွေဦးထီက (ဩဂုတ်လ ၂၀၂၁ မှ ဒီဇင်ဘာ ၂၀၂၃ အထိ CDM ဝန်ထမ်းများအား ကျပ် ၄၃၆.၇၈၉ သန်း – (အမေရိကန်ဒေါ်လာ ၁၁၁,၇၀၀) ထောက်ပံ့ပေးခဲ့တာ၊ NUG ထိမ်းချုပ် မြို့နယ် ၄၂ မြို့နယ်မှ ၂၀၂၃ ခုနှစ်အတွင်း အခွန်ကောက်ခံရရှိမှု ကျပ်သန်းပေါင်း ၈၉,၈၈၄ သန်း – (အမေရိကန်ဒေါ်လာ ၂၂.၉၈ သန်း)၊ အထူးငွေတိုက်စာချုပ်များ ဒီဇင်ဘာ ၂၀၂၁ မှ ဒီဇင်ဘာ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်၊ End of Dictatorship/Early Partnership Scheme မှ ဒီဇင်ဘာ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၉၇ သန်းကျော်၊ Spring Development Bank ငွေစုရောင်းချရငွေ အမေရိကန်ဒေါ်လာ ၁၁.၈ သန်း ရရှိခဲ့ပြီး၊ NUG pay စနစ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နဲ့ ညီမျှတဲ့ ငွေကြေးစီးဆင်းမှုကို ဆောင်ရွက်နိုင်တယ်လို့ ပြောပေမဲ့ လက်တွေ့မှာတော့ ဝန်ကြီးတွေရဲ့ လစာ သိန်းရာချီယူတာ၊ PDF အဖွဲ့တွေကို လုံလုံလောက်လောက်မထောက်ပံ့ဘဲ ပြည်ပရောက်နေတဲ့ NUG ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် သုံးတာတွေကြောင့် စာရင်းမရှင်းနိုင်လို့ ဝေဖန်ခံနေရသလို CDM ဝန်ထမ်း ၁ သိန်းကျော်ကိုလည်း ၂၈ လအတွင်းမှာ ၄၃၇ သန်းလောက်ပဲ ထောက်ပံ့တာကြောင့် CDM ဝန်ထမ်းတစ်ယောက်ဟာ ငှက်ပျောသီးတစ်လုံးတောင် ဝယ်စားမရတဲ့ တစ်လ ကျပ် ၁၅၀ လောက်ပဲ ပျမ်းမျှရတဲ့အပြင် တချို့ဆိုရင် သုံးနှစ်အတွင်း တစ်ကျပ်တောင် ထောက်ပံ့မှုမရလို့လည်း NUG ရဲ့ ထုတ်ပြန်ချက်အောက်မှာကို ဝေဖန်နေတာ တွေ့ရပါတယ်။
ပုံစာ။ NUG လက်အောက်ခံ PDF တို့ အခွန်အဆမတန်ကောက်ခံမှုစာများနှင့် တားမြစ်စာများ။