၁. ၅. ၂၀၂၄
Written by Shwe Phyo
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ပေါက်ကွဲစေတတ်သောပစ္စည်းများနှင့်အတူ လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မီဇီုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော Sangau ဒေသကို ဦးတည်သွားနေသည့် ကားကို ကြားဖြတ်စစ်ဆေးချိန်အတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါကားပေါ်တွင် ဒီတိုနေတာ ၁၅၀၀ နှင့် ဒိုင်းနမိုက်အချောင်းပေါင်း ၈၀၀၀ ကျော်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကားသမားကို ကနဦး ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။
ကားပေါ်တွင် ပေါက်ကွဲစေသော ပစ္စည်းများကို စက္ကူပုံးများနှင့် ထည့်ထားခဲ့ခြင်းဖြစ်ပြီး စက္ကူပုံးအရေအတွက် ၄၀ အတွင်းမှ ဒိုင်းနမိုက်အချောင်းပေါင်း ၈၀၀၀ တွေ့ရှိခဲ့သလို အခြားစက္ကူပုံး ၅ ခုအတွင်းမှ ဒီတိုနေတာ ၁၅၀၀ နီးပါး တွေ့ရှိသိမ်းဆည်းမိခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။
ဖမ်းဆီးရမိသူနှစ်ဦးအနက် ကားမောင်းသမားက အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်ပြီး အခြားတစ်ဦးက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များထံ လွှဲပြောင်းပေးရန်အလားလာများကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ပြော သည်။
မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် အိန္ဒိယနိုင်ငံသား ကားမောင်းသမားကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ဧပြီ ၃၀ ရက်နေ့တွင် ပေါက်ကွဲစေသောပစ္စည်းများ၏မူရင်းပိုင်ရှင်ဖြစ်သည့် Sangau ဒေသတွင်နေထိုင်သည့် မြန်မာနိုင်ငံသားကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။