၃၀. ၄. ၂၀၂၄
Written by Phyo Wei
ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ လာမဲ့ မေလ ၃ ရက်က စတင်ပြီး ဘဏ်တွေက မြန်မာကျပ်ငွေနဲ့ ထားရှိရမဲ့ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို သုည ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ ပျမ်းမျှသီးသန့်ငွေပေါ် ပေးတဲ့အတိုးနှုန်းကို သုည ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်မယ်ဆိုတဲ့ ဒီရက်သတ္တပတ်မှာပဲ ကမ္ဘာရွှေစျေးတက်ရင် အဆမတန်လိုက်တက်ပြီး ကမ္ဘာ့ရွှေစျေးကျရင် ပြန်မကျတဲ့ ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေစျေးအတက်အကျမငြိမ်ချိန် အမြင့်စျေးမှာပဲ ဆက်ရှိနေတဲ့ဖြစ်စဉ်တွေရှိခဲ့သလို ဥရောပသမဂ္ဂကလည်း မြန်မာကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့မှုတစ်နှစ်သက်တမ်းတိုးတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း လူမှုကွန်ရက်အပေါ်မှာ မြန်မာကျပ်ငွေအတုရောင်းချသူတွေကို အရေးယူပေးမယ်လို့ ပြောလာတာ၊ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ပိတ်နေတာကြောင့် ရွှေမဲဆိပ်ကမ်းနဲ့ မုတ္တမဆိပ်ကမ်းကိုပါ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးစခန်းအဖြစ် ပြောင်းလဲတင်ပို့ခွင့်ပြုတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ တကျော့ပြန်စျေးနှုန်းမြင့်တက်လာလို့ အရေးယူမယ်လို့ ထုတ်ပြန်လာရပြန်တဲ့ စားအုန်းဆီစျေးအကြောင်း၊ ပြည်ပသွင်းကုန်တွေ စျေးတက်လာပေမဲ့လည်း ဝယ်လို့မရဖြစ်နေတဲ့ အခြေအနေတွေအကြောင်းနဲ့ ပြီးဆုံးဖို့ လမ်းစမမြင်သေးတဲ့ ပြည်တွင်းစစ်ပွဲပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်အခြေချဖို့ ကြိုးစားမှုတွေအကြောင်းကို သုံးသပ် တင်ပြချင်ပါတယ်။
◾ ဝိသမလောဘနဲ့ စျေးတင်ရောင်းသူအရေးယူမဲ့ စားအုန်းဆီ
ပြီးခဲ့တဲ့ ၂၀၂၂၊ ၂၀၂၃ ခုနှစ်ထဲမှာ ဒေါ်လာစျေးမြင့်တက်မှုကို အကြောင်းပြပြီး စားအုန်းဆီစျေးတွေ ဆွဲတင်ခဲ့သလို တစ်ပိသာကို အရင်းထက် ၃ ဆလောက်အမြတ်တင်ပြီး လက်လီစျေးကွက်မှာ တစ်ပိသာ ၁၅၀၀၀ လောက်အထိ ဖြစ်ခဲ့အပြီးမှာ အစိုးရက စားအုန်းဆီစျေးကို ဝင်ထိန်းခဲ့သလို၊ ဒေါ်လာကိုလည်း ၂၉၀၀ နဲ့ ရောင်းချပေးပေမဲ့ ဝိသမလောဘသားတွေက စျေးအဆမတန်ဆွဲတင်လို့ ဆီလုပ်ငန်းရှင်အများအပြားကို အရေးယူခဲ့ရပါသေးတယ်။ ဒါပေမဲ့ ရည်ညွှန်းစျေးသတ်မှတ်ပေးမှု ၆ လလောက်အကြာမှာတော့ ဆီစျေးတွေက ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးထက် ၅၀ ရာခိုင်နှုန်းလောက် မြင့်တက်နေပြီး ပြင်ပလက်လီစျေးကွက်မှာ စားအုန်းဆီတစ်ပိသာ ၈၀၀၀ လောက်ဖြစ်လာချိန် ဒီလို အမြတ်ကြီးစားတဲ့ ဝိသမလောဘသားတွေ အရေးယူမယ်လို့ ကြေညာလာရပြန်ပြီဖြစ်ပါတယ်။
ပြည်သူတွေ ကျပ်တည်းလေလေ အမြတ်ကြီးစား ကြီးပွားချင်လေလေ ဝိသမလောဘသားတွေ ကြီးစိုးရာ မြန်မာနိုင်ငံမှာ နှစ်စဉ်စားသုံးဆီလိုအပ်ချက်က တန်ချိန်တစ်သန်းလောက်ရှိနေတာပါ။ လက်ရှိအချိန်မှာ အစိုးရက ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းစားသုံးဆီဖူလုံဖို့ လုပ်ဆောင်နေသလို တစ်နိုင်ငံလုံးမှာ စိုက်ပျိုးရေးဇုန် ၇ ဇုန်တည်ထောင်ပြီး ဆီထွက်သီးနှံစိုက်ပျိုးဧက ၁၃ သန်းအထိ တိုးမြှင့်စိုက်ပျိုးနိုင်ဖို့ လုပ်ဆောင်နေပေမဲ့လည်း လတ်တလောမှာတော့ စားသုံးဆီလိုအပ်ချက်က မြင့်တက်နေဦးမှာဖြစ်သလို ဝိသမလောဘသားတွေကလည်း အမြတ်ကြီးစားဖို့ စျေးဆွဲတင်လိုက်၊ မေ့လောက်ပြီဆို စျေးဆွဲတင်လိုက်၊ သတိပေးလာရင် အရူးကွက်နင်းပြီး စျေးပြန်ချပြီး ရည်ညွှန်းစျေးနဲ့ ဟန်ပြရောင်းလိုက်ဆက်ဖြစ်နေဦးမဲ့ အခြေအနေပါပဲ။ ဒီအခြေအနေတွေ လွန်မြောက်ဖို့ကတော့ စျေးကစားတဲ့ ဝိသမလောဘသားတွေကို အရေးကြီးကုန်စည်ဥပဒေနဲ့ အမြင့်ဆုံးထောင်သုံးနှစ်အထိချ၊ ဆီလုပ်ငန်းကနေ တစ်သက်တာ နာမည်ပျက်စာရင်းသွင်း၊ ဆီတင်သွင်းမှုကို လက်ဝါးကြီးအုပ်ထားသူတွေဖယ်ရှားပြီး လွတ်လပ်မျှတစွာတင်သွင်းခွင့်ပေးမှပဲ ပြည်သူတွေအနေနဲ့ စားသုံးဆီကို ထိုက်သင့်တဲ့စျေးနဲ့ တန်းစီစရာမလိုဘဲ ဝယ်ယူနိုင်မှာဖြစ်ပြီး အဲဒီလိုမလုပ်နိုင်သရွေ့တော့ အမြတ်ကြီးစားသူတွေရဲ့ ဝိသမလောဘကို ပြည်သူပဲ ရင်စီးခံနေရဦးမှာပါ။
◾ စျေးတက်ပေမဲ့ ပြတ်လပ်နေတဲ့ ပြည်ပသွင်းကုန်
တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းတွေအကုန်လုံးနီးပါးပြတ်တောက်နေတာကြောင့် သင်္ကြန်မတိုင်ခင်က သွင်းကုန်တွေစျေးနှုန်းထက် သင်္ကြန်အပြီးမှာ သွင်းကုန်တွေရဲ့ စျေးနှုန်းဟာ ၁၀ ရာခိုင်နှုန်းကျော် ရုတ်ချည်းမြင့်တက်သွားတာ တွေ့ရသလို တချို့သွင်းကုန်တွေဆိုရင် စျေးနှုန်းသာမြင့်တက်သွားတာ ကုန်စည်က အလုံအလောက်မရှိတာ၊ ပြတ်လပ်သွားတာမျိုးအထိပါ စျေးကွက်ထဲမှာ တွေ့နေရတာပါ။
သွင်းကုန်တွေ ပြတ်လပ်သလို ပို့ကုန်တွေလည်း မပို့နိုင်တော့တာကြောင့် စိန်တစ်လုံးသရက်သီးလိုမျိုး ပို့ကုန်တွေလည်း အခက်ကြုံရပါတယ်။ ပြည်ပပို့ရင် တရုတ်ဝယ်လက် နယ်စပ်က အဓိက တင်ပို့တာက ၃၀ ရာခိုင်နှုန်းလောက်၊ ပင်လယ်ရေကြောင်းက ၅ ရာခိုင်နှုန်းလောက်နဲ့ ပြည်တွင်းစားသုံးမှုက ၆၅ ရာခိုင်နှုန်းလောက်ရှိချိန်မှာ တိုက်ပွဲတွေကြောင့် ပြည်တွင်းစျေးကွက်ပဲ အဓိကရောင်းချရချိန်မှာ စိုက်ပျိုးထုတ်လုပ်သူတွေ နစ်နာရသလို ပိုဆိုးတာက အာလူးပါ။ အာလူးတစ်ပိသာ ကျပ် ၁၀၀၀ အောက် ရောက်လာလို့ စိုက်ပျိုးသူတွေ ဒုက္ခရောက်အရှုံးပေါ်တဲ့ အခြေအနေဖြစ်နေပြီး တစ်ပိုင်တစ်နိုင် တစ်ဧကလောက်စိုက်သူတောင် သိန်းဆယ်ချီ ရှုံးတဲ့အခြေအနေပါ။ နယ်စပ်ဂိတ်တွေ၊ နယ်စပ်လမ်းကြောင်းတွေဟာ တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေ လက်ထဲရောက်သွားချိန်မှာ မျောက်အုန်းသီးရသလိုဖြစ်နေပြီး ပြည်မလည်း သွင်းကုန်သွင်းမရ၊ ပြည်ပလည်း ပို့ကုန်ပို့မရနဲ့ ကြားထဲက အချောင်နာတာက စိုက်ပျိုးတဲ့ တောင်သူတွေနဲ့ စားသုံးသူပြည်သူတွေပါပဲ။ သေချာတာကတော့ နယ်စပ်ဂိတ် ၅ ဂိတ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်လိုက်ပြီဆိုပြီး ဝမ်းသာအားရရေးနေတဲ့ သူတွေအဖို့လည်း အမှန်တကယ်ထိခိုက်နေတာက ပြည်သူဆိုတာနဲ့ မျောက်အုန်းသီးရပြီး နယ်စပ်ဂိတ်ကနေ ဘာမှမလုပ်တတ်တဲ့ လက်နက်ကိုင်တွေရဲ့ ဒုက္ခပေးမှုကြောင့် တိုင်းပြည်နဲ့ ပြည်သူက ဘယ်လောက်နစ်နာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးခွန်းအရင်ထုတ်ကြည့်ပါလို့ပဲ ပြောရမှာပါ။
◾ ဘန်ကောက်မှာ ကွန်ဒိုပိုဝယ်လာတဲ့ မြန်မာ
နွေဦးတော်လှန်ရေးစတင်ရာ ၂၀၂၁ နောက်ပိုင်းကစပြီး ထိုင်းနိုင်ငံရဲ့ ကွန်ဒိုကြိုပွိုင့် ဈေးကွက်အတွင်းမှာ မြန်မာ့ဝယ်လက်တွေက ဒုတိယအကြီးဆုံးအုပ်စုဖြစ်လာတယ်လို့ ဘန်ကောက်အခြေစိုက် Nobel Development အဖွဲ့က ပြောလာခဲ့သလို ဘတ်ငွေ ၂ သန်းကနေ ၄ သန်းကြား တိုက်ခန်းတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူစုဆောင်းနေတယ်လို့လည်း အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီ Sen X က ပြောထားခဲ့ပြီး ဒီနှစ်ထဲမှာပဲ ဘန်ကောက်အိမ်ခြံမြေကို မြန်မာနိုင်ငံသားတွေ ပိုဝယ်ကြဦးမယ်လို့ ထိုင်းအိမ်ခြံမြေသုတေသနပြုလုပ်သူတွေက သုံးသပ်ကြပါတယ်။ ထိုင်းအစိုးရကွပ်ကဲတဲ့ REIC ရဲ့ စာရင်းတွေအရလည်း ၂၀၂၂ ပထမ ၉ လမှာ မြန်မာနိုင်ငံသားတွေက နိုင်ငံခြားသားကွန်ဒိုဝယ်ယူမှုစာရင်းမှာ တန်ဖိုးအမြင့်ဆုံး ဘတ် ၇ ဒသမ ၁ သန်းတန်ကွန်ဒိုဝယ်ယူမှု အဆင့် (၇) နေရာရှိခဲ့ပြီး ၂၀၂၃ မှာတော့ အဆင့် (၃) ကို ခုန်တက်ပြီး ဝယ်လိုအားရုတ်ချည်းမြင့်လာတာပါ။
မြန်မာနိုင်ငံမှာ ဒေသတွင်းမတည်ငြိမ်တာ၊ အိမ်ခြံမြေစျေးကစားကြလို့ စျေးတွေအဆမတန်တက်လာတာ၊ နယ်မြို့တွေမှာဆို PDF တွေနဲ့ လက်နက်ကိုင်တွေက ချမ်းသာကြွယ်၀သူတွေ ဆက်ကြေးကောက် ပြန်ပေးဆွဲငွေတောင်းလို့ နေရာရွှေ့ပြောင်းတာ၊ ရန်ကုန်မှာ ကွန်ဒိုအဆင့်မရှိတဲ့ အခန်းတွေတောင် အဆမတန် စျေးနှုန်းမြင့်တက်လာချိန်မျိုးမှာ မြန်မာနိုင်ငံထက် အစစအရာရာစျေးသက်သာပြီး လွတ်လပ်တည်ငြိမ်တဲ့အပြင် အေးချမ်းတဲ့ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ ရွှေ့ပြောင်းအခြေချလာတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာတွေအဝယ်များတဲ့ ဘတ် ၂ သန်းဆိုတဲ့ ကွန်ဒိုအဆင့်မျိုးဟာ ကျပ်ငွေ သိန်း ၂၀၀၀ ပတ်လည်ပဲဆိုပေမဲ့ မြန်မာနိုင်ငံမှာ သိန်း ၃၀၀၀၊ ၄၀၀၀ လောက်ပေးရမဲ့ အခြေအနေမျိုးရှိလာချိန်မှာ မြန်မာနိုင်ငံက သာကေတလိုနေရာမျိုးမှာ ဆယ်ပေအိမ်အစုတ်တောင် သိန်း ၁၀၀၀ လောက်ဖြစ်နေတာပါ။ ပေ ၂၀၊ ပေ ၆၀ ဆိုရင် အချက်အခြာကောင်းတဲ့နေရာတွေမှာ သိန်း ၃၀၀၀၊ ၄၀၀၀ အထက် အရောင်းအဝယ်တွေလည်း ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့လည်း မြန်မာနိုင်ငံက သူဌေးတွေတင်မက ရန်ကုန်မှာ သာမန်အိမ်ခြံမြေ ပေ၊ ၂၀ ပေ ၆၀ တစ်ကွက်လောက် နေရာနည်းနည်းကောင်းတဲ့နေရာမျိုးမှာ ပိုင်သူတွေကတောင် ရှိတဲ့ အိမ်ခြံမြေရောင်းပြီး ဘန်ကောက်မှာ ရွှေ့ပြောင်းအခြေချနေထိုင်ကုန်ကြတာပါ။
အရင်တစ်ချိန်က တရုတ်၊ ရုရှားတို့ဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကွန်ဒိုဝယ်သူတွေဖြစ်ပေမဲ့ ပြည်တွင်းစစ်ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ စစ်မှုထမ်းဥပဒေအကြောက်တရားအောက်မှာ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအခြေချဖို့ ရုရှားကွန်ဒိုဝယ်သူထက် ပိုကြိုးပမ်းလာနေတာကလည်း မြန်မာနိုင်ငံမှာ လူလတ်တန်းစားပျောက်ပြီး ချမ်းသာဆင်းရဲ ကွာဟမှုအရမ်းကြီးလာတယ်ဆိုတဲ့ စစ်တမ်းတွေရဲ့ ဇစ်မြစ်ပါပဲ။ မြန်မာ့အိမ်ခြံမြေစျေး အဆမတန်ကြီးမြင့်တဲ့ ဒီအကျပ်အတည်းကလည်း ကျားဖြန့်လို ငွေအလုံးအရင်းဝင်စျေးကစားတဲ့ စျေးကွက် ပျက်သွားတာတောင် စျေးနှုန်းသိသိသာသာကျအောင် မလုပ်နိုင်တဲ့ အခြေအနေဖြစ်လို့ အဆမတန်ဖောင်းပွနေတဲ့ အိမ်ခြံမြေစျေး ထိန်းနိုင်ဖို့က အစိုးရက အငှားအိမ်ရာတွေ၊ မြို့သစ်ထပ်တည်တာတွေ၊ ပိုင်ဆိုင်မှုအခွန်ကောက်တာတွေနဲ့ ထိန်းမှရမဲ့ အခြေအနေဖြစ်သလို နိုင်ငံရေးပဋိပက္ခတွေရပ်ပြီး အပြောင်းအလဲတစ်ခုခုဖြစ်မှလည်း မြန်မာနိုင်ငံသားတွေ ထိုင်းကို ရွှေ့ပြောင်းအခြေချတာ ရပ်တန့်မှာပါ။ နိုင်ငံရေးအပြောင်းအလဲမဖြစ်သရွေ့ အိမ်ခြံမြေစျေးမထိန်းနိုင်သရွေ့တော့ လက်ရှိအခြေအနေဆိုးတွေ ရပ်တန့်ဖို့မဖြစ်နိုင်သေးဘူးလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။