October 30, 2024

MT News

မြန်မာ့ဒေသအများအပြားတွင် ကောင်းကင်ယံမှ အလင်းတန်းအား ယမန်နေ့ညနေ ၆ နာရီခွဲခန့်က တွေ့မြင်သူများပြားခဲ့ပြီး ထူးဆန်းသည့်အလင်းတန်းဟုဆိုကာ အံ့ဩနေသော်လည်း ထိုအလင်းတန်းမှာ အိန္ဒိယက လွှတ်တင်သည့် Agni-5 Ballistic Missile တာဝေးပစ် ဒုံးပျံ၏ အလင်းတန်းဖြစ်သည်မှာ သေချာသည်ဟု MASES (Myanmar Astronomy & Science Enthusiasts Society)က သက်သေများနှင့် သတင်းဖော်ပြထားသည်။

“ဒီနေ့ ညနေ ၆ နာရီခွဲလောက် က မြန်မာနိုင်ငံဒေသ တော်တော်များများမှာ အလင်းတန်းကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ မြင်ရတဲ့ အချိန်က မကြာမြင့်ဘဲ ပြန်ပျောက်သွားတာပါ။ ဒီလိုမျိုး ကောင်းကင်မှာ မြင်ရတဲ့ အလင်းတန်း ပုံသဏ္ဍန်မျိုးက များသောအားဖြင့် ဂြိုဟ်တုတွေကို သယ်ဆောင်သွားတဲ့ အာကာသ ဒုံးပျံတွေကြောင့် ဖြစ်တတ်တာပါ။ ဒါပေမယ့် ဒီနေ့မှာ လွှတ်တင်မယ်လို့ တရားဝင် သတင်းထုတ်ပြန်ပြီး လုပ်ထားတဲ့ စီစဉ်ထားတဲ့ ဒုံးပျံ မရှိပါဘူး။ တချို့ ပြောကြတဲ့ NASA ရဲ့ သမုဒ္ဒရာ လေ့လာရေး ဂြိုဟ်တု သယ်ဆောင်သွားတဲ့ Falcon-9 ဒုံးပျံလဲမဟုတ်ပါဘူး။ ဒီ SWOT လို့ခေါ်တဲ့ mission ကို ပထမ ဒီနေ့ လွှတ်တင်မယ်လုပ်ထားတာကနေ ရက်ရွေ့ပြီး မနက်ဖြန် ညနေ ကို ပြောင်းထားပါတယ်။ အဖြစ်နိုင်ဆုံး က မနေ့ က တရုတ်နိုင်ငံ အာကာသ ကုမ္ပဏီ တစ်ခုကနေ လွှတ်တင်ထားတဲ့ ကမ္ဘာ့ပထမဆုံး မီသိန်း ဓာတ်ငွေ့သုံး ဒုံးပျံ ဖြစ်ဖို့များပါတယ်။ ဒီ မစ်ရှင်ဟာလည်း မအောင်မြင်ပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း တရုတ်ရဲ့ သတင်းထုတ်ပြန်မှု တင်းကျပ်တာ ကြောင့် မအောင်မြင်တာကိုပဲ ထုတ်ပြန်ပြီး တခြား အချက်အလက် မပါဝင်ပါဘူး။ ပေါက်ကွဲသွားတာလဲ မတွေ့ရတာကြောင့် ဒီဒုံးပျံ ကြောင့် ဖြစ်တာလို့ ယူဆရပါတယ်။ ဒီယူဆချက် မှားနိုင်ပါတယ်။ ကျွန်တော်လဲ ရရှိတဲ့ သတင်းအချက်ပေါ် မူတည်ပြီး ရေးရတာကြောင့်ပါ။ နောက် ထပ်ဖြစ်နိုင်ခြေတစ်ခု က India ကာကွယ်ရေးဝန်ကြီးဌာန က လွှတ်တင်မယ် ကြေငြာထားတဲ့ တာဝေးပစ် ဒုံးပျံ ပါ။ ၁၅ ရက် နဲ့ ၁၆ ရက် အတွင်း လွှတ်တင်မယ်ရေးထားတာကြောင့် အချိန်တော့ တိုက်ဆိုင်ပါတယ်။ နိုင်ငံကာကွယ်ရေး နဲ့သက်ဆိုင်တာကြောင့် India လဲ သတင်းအချက်အလက် ကို အတိအကျ ရေးထားတာမျိုး မတွေ့ရပါဘူး။ ဘာပဲဖြစ်ဖြစ် အလွန်ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒုံးပျံ အမြဲလွှတ်တင်နေတဲ့ အမေရိကန် နိုင်ငံမှာဆို ဒီလို အလင်းတန်းမျိုးက အမြဲ မြင်တွေ့နေရတတ်ပါတယ်။ ကျွန်တော် အောက်မှာ NASA က ဒုံးပျံတွေကြောင့် မြင်ရတာတွေကို နမူနာ ထည့်ပေးထားပါတယ်” ဟု MASES က ယမန်နေ့က ဖော်ပြခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံမှ မြင်ရသည့် အလင်းတန်းပုံစံတူအား အိန္ဒိယနိုင်ငံဘက်မှ မြင်ရသည့် ပုံစံများ၊ အချိန်ကာလကွာခြားချက်များချိန်ညှိကာ ထိုမြင်ရမှုသေချာသည်ဟု ထပ်မံပြင်ဆင်ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံက မြင်ရသည့်အလင်းတန်းမှာ India က လွှင့်တင်သည့် Agni-5 Ballistic Missile တာဝေးပစ် ဒုံးပျံ အလင်းတန်းဖြစ်ကြောင်း MASES က ထပ်ဆင့်အတည်ပြုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *