October 30, 2024

MT News

Written by Min Mahar

ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက ပြည်ကြီးတံခွန်မြို့မရဲစခန်းကို အဆင့်မြင့်ရဲစခန်းဟုဆိုကာ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည်ဟု Anonymous Force Mandalay (AFM) နှင့် Never Give Up: FOX FORCE (NGU: FF) ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင်ရှင်းလင်းသုတ်သင်ရေး (မြေခွေးအဖွဲ့) အဖွဲ့တို့က သတင်းထုတ်ထားသည်။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ ၁၁ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ လမ်းနှင့် ၁၁၅ လမ်းကြား၊ ၆၂ လမ်းပေါ်ရှိ ပြည်ကြီးတံခွန်မြို့မရဲစခန်းဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခဲ့ပြီး ထိုသို့ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“ရဲစခန်းမှာ ဗုံးပေါက်ကွဲတယ်လို့တော့ကြားတာပဲ။ အုံးဆိုပြီးအသံလည်းကြားလိုက်တယ်။ အဲဒီနေရာက လုံခြုံရေးအရမ်းတင်းကြပ်တဲ့ နေရာတစ်ခုလည်း ဖြစ်တယ်။ အသံကြားပြီး မကြာဘူး။ ရဲနဲ့စစ်သားတွေအများကြီးရောက်လာပြီးတော့ အနီးဝန်းကျင်ကိုပိတ်ဆို့စစ်ဆေးမှုတွေလုပ်ခဲ့ကြတယ်” ရဲစခန်းအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါလက်ပစ်ဗုံးကို ” ကျွန်တော်တို့ Anonymous Force နှင့် မဟာမိတ်ဖြစ်သော NGU: FF မြေခွေးတပ်ဖွဲ့၊VOMDY-front warrior Truthkepping Force AMA တို့သည် ပြည်ကြီးတံခွန်ရဲစခန်းသို့ ယနေ့ညနေ ၄ နာရီ ၁၁ မိနစ်က Anonymous Force MDY ရဲ့ တစ်နှစ်ပြည့်အထိန်းအမှတ်အဖြစ် မွေးနေ့လက်ဆောင်အဖြစ် ဗုံးတစ်လုံးဖြင့်ပစ်သွင်းတိုက်ခိုက်ခဲ့သည်” ဟု ဖော်ပြထားသည်။

“ရဲစခန်းဂိတ်ပေါက်မှာကျနေတဲ့ အစောင့်နှစ်ယောက်တော့ ထိခိုက်သွားပြီး သေဆုံးမှုအခြေအနေများကိုဆက်လက်စုံစမ်းဆဲဖြစ်တယ်” ဟု ဗိုလ် Tiger ကဆိုသည်။

အလားတူပင် ထိုလုပ်ရပ်ကို Never Give Up: FOX FORCE (NGU: FF)ပြည်သူ့ကာကွယ်ရေးနှင့် အာဏာရှင်ရှင်းလင်းသုတ်သင်ရေး (မြေခွေးအဖွဲ့)မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့နှင့် နှင့်မဟာမိတ်များဖြစ်သော Anonymous Force MDY(VOMDY – Front Warrior)၊ Truth Kepping Force တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟုလည်းထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်များကို သတင်းအတည်ပြုရန်အတွက် ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းအား MT News သတင်းဌာန အနေဖြင့် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိသောကြောင့် ဖုန်း အဆက်အသွယ်ရရှိသည်နှင့် နောက်ဆက်တွဲအား ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *