MT News
Written by Min Mahar
ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက မြင်းမူမြို့လယ်တွင် လက်လုပ် ရီမုမိုင်း ၁ လုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ ကျန်စစ်သားရပ်ကွက်၊ အထက(၁)ကျောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကြားရှိ မြင်းမူမြို့မရဲစခန်းဆိုင်းဘုတ်အနီးတွင် လက်လုပ် ရီမုမိုင်း ၁ လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ အခုလို ချိန်ကိုက်ရီမုဗုံးတစ်လုံးကို ခွဲသွားတာဖြစ်မယ်။ အသံကိုမှ အကျယ်ကြီးပဲ။ အုံးဆိုပြီးတော့ လန့်တောင်သွားတာ။ တော်သေးလို့ မကွဲခင် လမ်းလျှောက်သွားတဲ့ လူနှစ်ယောက်နဲ့ ဖြတ်သွားတဲ့ဆိုင်ကယ်တစ်စီးကို မထိသွားတာ တော်တော်ကံကောင်းတယ်။ အသွားအလာလုပ်ရတာလည်း တော်တော်ကြောက်လာပြီ” ဟု မိုင်းကွဲသည့်အနီးတွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုမရှိခဲ့ကြောင်းနှင့် မိုင်းကို မည်သူခွဲခဲ့သည်ဟု မသိရှိရသေးသော်လည်း သက်ဆိုင်ရာမှ လိုက်လံစုံစမ်းနေကြောင်း သိရသည်။
” သံတိုသံစတွေ၊ ပလပ်စတစ်အပိုင်းအစတွေ၊ ဘတ္ထရီအပိုင်းအစတွေနဲ့ ဆားကစ်ပြားတွေကိုတော့ သက်ဆိုင်ရာရဲတွေက ဗုံးပေါက်ကွဲတဲ့ အနီးဝန်းကျင်မှာ ရှာဖွေသိမ်းဆည်းသွားကြတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။