October 30, 2024

ထောက်ပို့ရထားဟုဆိုကာ KNLA နှင့် PDF များ မိုင်းခွဲခဲ့သည့် ကုန်တွဲတင်ရထားတိမ်းမှောက်နေမှုကို တွေ့ရစဥ်

MT News

Written by Thettant

KNLA နှင့် PDF က မီးရထားလမ်း မိုင်းခွဲမှု ၁၀၂ ကြိမ် မီးရထားလမ်းတံတား မိုင်းခွဲမှု ၃၄ ကြိမ်နှင့် မီးရထားဘူတာများအား ၉ ကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်ဟု SAC က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF များက အများပြည်သူ အသုံးပြုသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့မှ အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လာသည့် သထုံ- ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ်(၂၇၂)အစုန် ကုန်ရထားတွဲဆိုင်းသည် သထုံ မြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းအကြား မီးရထားလမ်း မိုင်တိုင်(၁၂၄/၉-၁၀)သို့အရောက်၌ KNLA အဖွဲ့နှင့် PDF များက အဝေးထိန်းခလုတ်ဖြင့် ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့မှုကြောင့် ကုန်ရထားတွဲ(၁၀)တွဲ လမ်းချော် တိမ်းမှောက် ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ၎င်းတွဲဆိုင်းများပေါ်တွင် တင်ဆောင် ထားသည့် အိမ်ဆောက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ပြီး ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ်ဇလီဖားတုံး ၁၈၀ တုံး၊ သစ်သားဇလီဖားတုံး ၃၀ တုံး၊ တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရန်ကုန်နှင့် မော်လမြိုင်တို့မှ ထွက်ခွာမည့် အမြန်ရထား ခရီးစဉ်(၆)ခုတို့အား ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသွားပြည်သူ ၄၅၀၀ ဦးခန့် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ KNLA နှင့် PDF များ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးခဲ့ရသည့်အတွက် မီးရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ ပြန်လည်ပြုပြင် မှုများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖောက်ခွဲဖျက်ဆီးခဲ့သော KNLA နှင့် PDF များအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ KNLA အဖွဲ့နှင့် PDF များ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ယနေ့အထိ မီးရထားလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း(၁၀၂)ကြိမ်၊ မီးရထား လမ်းတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း(၃၄)ကြိမ်နှင့် မီးရထားဘူတာ များအား မီးရှို့ဖျက်ဆီးခြင်း စုစုပေါင်း(၉)ကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း SAC ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *