၁၆. ၁၂ .၂၀၂၂
Written by Thi Ha
၅ ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် မန္တလေးခရော့စ်ဆင့်မုန့်ဆိုင်မှ အသက် ၅ နှစ်အရွယ် ကလေးငယ် မောင်ဇွဲဝေယံထွန်း ကို ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက်အစောပိုင်းက ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူ ကို Han Myo Win ၎င်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
”နိုင်ငံတဝန်းကနေပြီး သားသားကလေးကို စေတနာ မေတ္တာထားပြီး ပြန်တွေ့ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ ကျေဇူးရှင် မိဘပြည်သူများအားလုံးကို ကျွန်တော် ကျွန်မတို့နဲ့ သားသားလေးတို့က ကျေးဇူးတင် ကန်တော့ပါတယ်။ သားသားလည်း စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာရှိပါတယ်” ဟုလည်း ကိုဟန်မျိုးဝင်းက အသိပေးထားသည်။
ကလေးကို မုန့်ဆိုင်နှင့် ကပ်လျှက်တောင်ဘက်ခြမ်း၊ ဘေးအိမ်မှ အသက် ၅၀ အရွယ် အမျိုးသမီးက ခေါ်ယူထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါအိမ်တွင် လူရှိနေပါလျှက် အိမ်တံခါးအမြဲပိတ်ထားခြင်း၊ ကလေးငယ်ပျောက်ဆုံးနေသည်ကို သိပါလျှက် လူမှုရေးအရ သတင်းစကားမေးခြင်း မရှိမှုကြောင့် မသင်္ကာရာမှ ရဲဝန်ထမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း ၊ အိမ်အတွင်းတွင် ကလေးကို မမြင်အောင် စောင်နှင့် အုပ်ထားကြောင်း စသဖြင့် Nyi Nyi Min Htet အမည်ဖြင့် အကောင့်ပိုင်ရှင်မှ လည်းရေးသားထားသည်ကိုလည်း တွေ့ရသည်။
“ကလေးရော မိသားစုလိုက်ပါ ရဲစခန်းကို သွားနေကြလို့ပါ။ ကလေးကို ခေါ်ထားတဲ့အမျိုးသမီးကိုပါ စစ်နေကြလို့ ပြီးမှ ပြန်ဆက်သွယ်ပေးပါရှင့်”ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက MT News ၏ ဆက်သွယ်မှုအပေါ် တုံ့ပြန်ထားသည်။
လက်ရှိအချိန်တွင် ဖြစ်စဥ် အသေးစိတ်ကို MT News အနေဖြင့် ဆက်လက် ဆက်သွယ်မေးမြန်းလျှက်ရှိပြီး ကလေးငယ်၏မိသားစုမှာ ရဲစခန်းတွင် အမှုကိစ္စအတွက် လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။