October 30, 2024

တံတားပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံတာဝန်ရှိသူများ လာရောက်စစ်ဆေးနေစဥ်

၁၅. ၁၂. ၂၀၂၂
Written by Ye Kyaw

မြန်မာ-ထိုင်းနယ်စပ် မြဝတီ အမှတ်-(၁) တံတား ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဥ်လျက်ရှိပြီး တံတားဖွင့်လှစ်ပြီးချိန်တွင် ဗုံးဖောက်ခွဲမှုများ ထပ်မံဖြစ်ပွားမည်ကို မြဝတီမြို့ခံ ပြည်သူအချို့ စိုးရိမ်လျက်ရှိသည်။

“တံတားဖွင့်မယ်သတင်းကြားပြီး အဲဒီနားမှာ ဆိုင်ခန်းလေး တစ်ခန်းငှားပြီး ဘေထုပ်ဆိုင်ဖွင့်တာပေါ့ဗျာ။ တစ်လ ၁၀ သိန်းနဲ့ ‌ခြောက်လစာချုပ် ချုပ်လိုက်တယ်။ ဖွင့်ပြီးလို့ သုံးရက်ကြာတော့ ဗုံးပေါက်သွားလို့ လမ်းတွေအကုန်ပိတ်သွားတယ်။ ကျွန်တော့်ဆိုင်လည်း ဖွင့်သာဖွင့်ထားရတယ်။ ခြောက်လပြည့်သွားတဲ့အထိ ကျွန်တော်တစ်ထည်မှ မရောင်းရဘူး။ ခြောက်လပြည့်ပြီး နောက်တစ်ခေါက် တံတားပြန်ဖွင့်တော့မယ်ဆိုပြီး သတင်းကြားလို့ ကျွန်တော် စာချုပ်လေးထပ်ပြီးတော့ နောက်ထပ် ခြောက်လထပ်ယူမယ်ဆိုပြီး သိန်း ၆၀ သွားပေးလိုက်တယ်။ အဲဒီညမှာပဲ ကမ္ဘာ့ရတနာဘဏ်အ‌ရှေ့မှာ ဗုံးတစ်လုံးထပ်ကွဲတယ်။ လမ်းတွေအကုန်ပိတ်သွားပြန်ရော။ အဲဒီတော့ ဒီလာမယ့် ၁ ရက်နေ့ တံတားဖွင့်မယ်ဆိုပြီး သတင်းကြားပြန်ပြီ။ ဘာထပ်ဖြစ်မလဲ ကျွန်တော်တို့ မသိဘူးဗျာ။ တံတားဖွင့်မှပဲ ဖွင့်တယ်လို့ မြို့ခံတွေက ယုံကြတော့တယ်” ဟု မြဝတီမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက MT News သို့ ပြောသည်။

နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်-(၁)ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း နယ်စပ်သတင်းများနှင့် ထိုင်းသတင်းဌာန AEC ASEAN NEWS စသည်တို့တွင် ဖော်ပြချက်များအရ သိရသည်။ ယင်းကဲ့သို့ ဖွင့်လှစ်မည်ဆိုပါက ကရင်ပြည်နယ်၊ မြဝတီမြို့ခံများအတွက် အရောင်းအဝယ်ဈေးကွက်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ဖွင့်စေချင်တာပေါ့ဗျာ။ ဖွင့်ပြီဆိုရင် ကျွန်တော်တို့ တစ်ပတ်တစ်ခါ ဘန်ကောက်သွားမယ်။ စျေးဝယ်မယ်။ ဒီဘက်ကို ပစ္စည်းတွေ ပြန်ပို့လို့ရတယ်လေ” ဟု ၎င်းက ဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ခုနစ်ခုဖြင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိပြီး မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသည် ယခင်ကအများဆုံးဖြစ်သော်လည်း လက်ရှိအချိန်တွင် ထီးခီးကုန်သွယ်‌ရေးစခန်းနောက် ဒုတိယနေရာသို့ ကျဆင်းသွားကြောင်း စီပွား/ကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *