
၂၅.၄.၂၀၂၅
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အမြန်လမ်း မိုင်တိုင်၊ ၂၈၃ မိုင် ၄/၅ ကြားရှိ တံတားအောက်တွင် စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးအား အဝတ်ဗလာဖြင့် သေဆုံးလျက်သားတွေ့ရှိခဲ့ကြောင်း သိရသည်။
ရုပ်အလောင်းမှာ လွန်ခဲ့သော (၂) ရက်အတွင်းခန့်က သေဆုံးနေပြီး ခန္ဓာကိုယ်မှာ ပုပ်ပွနေကြောင်း ထိုရုပ်အလောင်းကို ဧပြီလ ၂၄ ရက် ညနေ ၄ နာရီအချိန်တွင် တာဝန်ရှိသူများမှ ရုပ်အလောင်းအားတွေ့ရှိသောကြောင့် ဝန်ဇင်းလူငယ်အသင်းသို့ ဆက်သွယ်ခဲ့ကြောင်း သိရသည်။
“သူက စိတ်ကျန်းမာရေးမကောင်းဘူး။ အဲ့ဒီနားလေးမှာဆိုရင် အဝတ်မပါဘူး လျောက်သွားနေတာ။ အာဟာရပျက်ပြီး သေတာလားတော့မသိဘူး။ ဘာဒဏ်ရာမှတော့မရှိဘူး”ဟု ရုပ်အလောင်းအားသွားရောက်သယ်သည့် ဝန်ဇင်းလူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
အဆိုပါပိုင်ရှင်မဲ့အလောင်းကို ဧပြီလ ၂၅ ရက် နံနက်ခင်းအချိန်တွင် မိတ္ထီလာ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှတစ်ဆင့် မြင်တော်ကန်သုသာန်၌ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – ဝန်ဇင်းလူငယ်အသင်း