၂၃. ၄. ၂၀၂၄
Written by Phyo Wei
၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ထားပြီး ပို့ကုန်ရငွေ ပြန်မဝင်ရောက်တဲ့ ကုမ္ပဏီ ၁၄၀ ကျော်ရှိသလို ပို့ကုန်ရငွေ ဒေါ်လာသန်း ၈၀ ကျော် ပြန်ဝင်ရောက်ဖို့ကျန်ရှိနေတဲ့အခြေအနေတွေနဲ့ ဒီရက်သတ္တပတ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အစိုးရလက်ထက် သုံးနှစ်ကျော်ကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာသန်း ၁၀၀ ကျော် တိုးတက်ခဲ့တဲ့အပြင် ပို့ကုန်တင်ပို့မှုပမာဏကလည်း နိုင်ငံတော်ပို့ကုန်ပမာဏရဲ့ ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက ပြောလာတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာဆိုရင်လည်း လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်မယ်ဆိုတဲ့ သတင်းမှားတွေ ထွက်လာလို့ လတ်တလောမှာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖြေရှင်းလာတဲ့ဖြစ်စဉ်တွေနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ဖို့ သတ်မှတ်မြေဈေးက ကမာရွတ်မြို့နယ်၊ ပြည်လမ်းပိုင်းမြေကွက်တွေကိုမှ တစ်စတုရန်းပေ ကျပ် ၆ သိန်း(ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) သာ အများဆုံးသတ်မှတ်ထားတယ်ဆိုတဲ့ဖြစ်စဉ်တွေ၊ အစ္စရေးနဲ့ အီရန်စစ်ပွဲဂယက်ကြောင့် ကမ္ဘာ့ရွှေစျေး ထပ်တက်လို့ မြန်မာ့ရွှေစျေးပါ ကျပ် ၄၉ သိန်းဝန်းကျင်နဲ့ အတက်စျေးမှာ ဆက်ရှိနေတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အညာမြေကို ပူသထက်ပူအောင် သင်းသတ်နေတဲ့ ထနောင်းခေါက်တွေခွာပြီးရောင်းကြတဲ့ စီးပွားရေးဖြစ်စဉ်တွေ၊ ကုန်သွယ်မှုလျာထားချက် တိုးမြှင့်သတ်မှတ်တာတွေနဲ့ စီးပွားရေးကဏ္ဍက အခက်ကြုံနေရတဲ့ အခြေအနေတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ အညာမြေကို သင်းသတ်တဲ့ ထနောင်းခေါက်ခွာစီးပွားရေး
အပူပိုင်းဒေသဖြစ်တဲ့ အညာမြေရဲ့အသက် ထနောင်းပင်တွေကို အခေါက်ခွာရောင်းတဲ့ စျေးကွက်တစ်ခု ပေါ်ပေါက်လာသလို ထနောင်းအခေါက် တစ်ပိဿာကို ကျပ် သုံးရာနဲ့ ဝယ်ယူတဲ့အတွက် ဒေသခံတွေက စားဝတ်နေရေးကျပ်တည်းလို့ အပင်တန်ဖိုးကို မစဥ်းစား မသိရှိတော့ဘဲ ခွာရောင်းကြလို့ ပူပြင်းလှတဲ့ အညာမှာ အရိပ်ပေးနေတဲ့အပင်တွေ သင်းသတ်ခံရပြီး ပိုပူပြင်းမဲ့ အရေးဖြစ်ပေါ်နေရပါပြီ။
“အညာမှာ ထန်းပင်၊ ညောင်ပင်နဲ့ ထနောင်းပင်ပဲ ကောင်းရာရာ ကျန်တယ်။ ကုက္ကိုလ်ပင်တွေဆိုလည်း ဆီကြိတ်ဆုံတွေ လုပ်ပစ်လို့ အတော်များများ ခုတ်ထွင်ခံရတယ်။ ကြိတ်ဆုံတစ်ခုကို အပင် တစ်ပင်လောက် သုံးရတာ။ ပြီးခဲ့တဲ့ နှစ်တွေကလည်း ကြားမှာပေါ့။ မန်ကျည်းရွက် တစ်ပိဿာ ဘယ်လောက်စျေးဆိုပြီး ဝယ်တာ။ ထန်းပင်အလုံးလိုက် ဝယ်တာတွေ။ ဒါက အညာမြေကို တမင်များ သင်းသတ်နေသလား တွေးရတယ်။ အညာသူအညာသား အလုပ်အကိုင်ပါးရှားတာရော အသိ ပညာအားနည်းတာရောကြောင့် အကုန်ရောင်းကြတယ်။ အခု ဒီထနောင်းတွေပါ ပါလာပြီ။ ဒါတွေသာမရှိတော့ရင် ကန္တာရ ထီးထီးဖြစ်ပြီး ဘာမှ စိုက်ပျိုးလို့ ရမှာမဟုတ်တော့ဘူး။ ဒါဆိုရင် အလုပ်အကိုင် ငွေကြေး ပိုပါးရှားလာမယ်။ ထိုင်းတို့ လာအိုတို့ တရုတ်တို့ ထွက်ပြီး အလုပ်လုပ်ရမယ်။ လုပ်အားခ နည်းနည်းနဲ့ အညာသားအလုပ်သမားတွေ ခေါ်ချင်လို့များ ဒီလို လုပ်နေကြလားတောင် တွေးဆစရာ”လို့ အညာမြေ စိမ်းလန်းစိုပြေရေး ကြိုးပမ်းနေတဲ့ အရပ်ဘက်အဖွဲ့အစည်း ရေနံ့သာဒင်္ဂါးအဖွဲ့မှ ကိုဒင်္ဂါးက ဆိုပါတယ်။
ထင်းမီးဖိုအဓိကအသုံးပြုတဲ့ မြန်မာနိုင်ငံမှာ သစ်ပင်ပြန်စိုက်ဖို့ စိတ်မဝင်စားကြတဲ့အပြင် PDF လို လက်နက်ကိုင်တွေကပါ သစ်ခိုးခုတ်တာကို ပိုက်ဆံယူလွှတ်ပေးတဲ့အထိ ဆိုးရွားလှတဲ့ အခြေအနေလည်းဖြစ်နေတာပါ။ ဒါတွေကြောင့်လည်း တောပြုန်း၊ တောင်ပြုန်းနဲ့ အညာဒေသဟာ ကမ္ဘာပေါ်မှာ အပူဆုံးမြို့တွေအဖြစ် နှစ်စဉ်စာရင်းဝင်လာနေတာဖြစ်ပြီး ဒီလိုမျိုးစာရင်းဝင်နေတာကိုလည်း အပူချိန်လျော့ကျအောင် ပြည်သူက သစ်ပင်များများ ဘယ်လိုရှင်အောင်စိုက်မလဲဆိုတဲ့ အသိမျိုး တာဝန်ရှိသူတွေရော ပြည်သူတွေပါ မလုပ်ဆောင်ချိန်မှာ ထနောင်းပင်လိုမျိုး အညာဒေသအိုအေစစ်ပင်တွေကို မျိုးပြုတ်အောင် ဖြုတ်နေတာတော့ တော်တော်ဆိုးတဲ့ လုပ်ရပ်လို့ ပြောရမှာပါ။ ဒီလိုမျိုး ဆိုးရွားတဲ့လုပ်ရပ်ကို အချိန်မီရပ်တန့်အောင် ပညာပေးတဲ့အပြင် အိမ်တိုင်းအိမ်တိုင်းကို အရိပ်ရအပင် အနည်းဆုံးတစ်ပင် ရှင်အောင်စိုက်ဖို့ တိုက်တွန်းတာမျိုး လုပ်ဖို့လည်း လိုမှာပါ။ အညာဒေသက ရွာတွေကို သွားကြည့်မယ်ဆို လွင်တီးခေါင်လို နေရာမျိုးမှာ အရိပ်မရှိ အပင်မရှိနေထိုင်ကြတာဖြစ်ပြီး ဘာလို့အပင်မစိုက်လဲဆိုရင် ရေရှားလို့ဆိုတဲ့ ဆင်ခြေမျိုးပဲ ပေးတာပါ။ ရေချိုး၊ မျက်နှာသစ်ရာနေရာမျိုးမှာ အရိပ်ရအပင်စိုက်ထားမယ်ဆို အထူးတလည် ရေလောင်းစရာမလိုဘူးဆိုတဲ့ အသိမျိုးတောင် မရှိတဲ့နေရာတွေ အသိပေးဖို့မလွယ်ပေမဲ့လည်း နှစ်စဉ်ပူသထက်မပူအောင်၊ အရိပ်ရအပင်တွေ ကုန်သထက်မကုန်အောင်၊ သစ်ပင်တွေ စိုက်သထက်စိုက်အောင်၊ အလကားနေရင်းမခုတ်အောင်၊ သစ်ခိုးထုတ်တာလျော့ပါးအောင်ကတော့ တာဝန်ရှိသူအသီးသီးကပဲ ဦးဆောင်ရပါလိမ့်မယ်။
◾ တိုးမြှင့်သတ်မှတ်တဲ့ ကုန်သွယ်မှုလျာထားချက်
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၂၉ ဘီလျံခွဲသာ မျှော်မှန်းခဲ့ချိန် ဒေါ်လာ ၃၄ ဘီလျံနီးပါးအထိ ကျော်လွန်ရရှိခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပို့ကုန်တင်ပိုမှုက ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံနဲ့ သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁၆ ဘီလျံ စုစုပေါင်းကုန်သွယ်မှု လျာထားချက် ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံအထိ တိုးမြှင့်သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသကုန်သွယ်ရေး ပုံမှန်အတိုင်း မဆောင်ရွက်နိုင်ခဲ့လို ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၁၄ ဒသမ ၆ ဘီလျံကျော်သာရရှိခဲ့ပြီး လျာထားချက်ထက် ဒေါ်လာ ၂ ဘီလျံခန့်လျော့ကျခဲ့သလို သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁၅ ဒသမ ၄ ဘီလျံကျော်သာရရှိခဲ့တာကြောင့် လျာထားချက်ထက် ဒေါ်လာသန်း ၆၀၀ ခန့် လျော့ကျခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ်မှာ ပို့ကုန်ကို ဒေါ်လာ ၁၆ ဒသမ ၇ ဘီလျံနဲ့ သွင်းကုန်ကို ၁၆ ဒသမ ၃ ဘီလျံတင်သွင်းမယ်လို့ လျာထားခဲ့တာပါ။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတာရှိသလို တချို့ကလည်း လမ်းကြောင်းတစ်လျှောက် တိုက်ပွဲဖြစ်နေတာကြောင့် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအကုန် ရပ်ဆိုင်းနေတာပါ။
မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုကို အဓိကထားပြီး အခု နောက်ပိုင်းမှာတော့ လေကြောင်းကုန်သွယ်မှုပါ ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုက ကုန်သွယ်မှုကဏ္ဍတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိနေပြီး နယ်စပ်ကုန်သွယ်မှုကတော့ ၃၀ ရာခိုင်နှုန်းလောက်ရှိရာက အခုဆို နယ်စပ်ဂိတ် ၅ ခုလောက်ကို လက်နက်ကိုင်တွေထိန်းချုပ်ထားလို့ကျဆင်းတာနဲ့ လေကြောင်းကုန်သွယ်မှုအားပြုဖို့စိုင်းပြင်းလာတာကြောင့် နယ်စပ်ကုန်သွယ်ရေးက ၂၀ ရာခိုင်နှုန်းသာသာပဲကျန်တော့တာပါ။ နောက်တစ်ချက်က ပြည်မက ပို့ကုန်မရှိ၊ သွင်းကုန် အထဲအဝင်မခံရင် တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့ နယ်စပ်ဂိတ်တွေဟာ တရားမဝင်သွင်းကုန်နဲ့မှောင်ခိုကုန်သွယ်မှုပဲ လုပ်စရာရှိတဲ့အခြေအနေဖြစ်လို့ နယ်စပ်ဂိတ်တွေ လက်နက်ကိုင်သိမ်းထားတာ ပြန်မသိမ်းနိုင်ရင်၊ ဗဟိုအစိုးရထိန်းကွပ်မှုလက်မခံရင် အဲဒီလိုပြည်နယ်၊ အဲဒီလိုဒေသက မှောင်ခိုကုန်စည်တွေကို လုံးဝလုံးဝအဝင်မခံ၊ အထွက်မခံမူနဲ့ ထိန်းချုပ်ရပါလိမ့်မယ်။
ထိုင်းနယ်စပ်မြဝတီက ပြန်ထိန်းနိုင်ပြီမို့ တရုတ်နယ်စပ်ဂိတ်တွေဟာ အဓိကကုန်သွယ်ရာဖြစ်လာပြီး တရုတ်တရားဝင်စာရင်းအရလည်း မြန်မာဘက်က ကုန်သွယ်မှုဇယားထက် ၄ ဆလောက်ပိုများနေပြီး ဒေါ်လာ ဘီလျံဆယ်ဂဏန်းက မှောင်ခိုကုန်သွယ်မှူဖြစ်လို့ ပြန်မသိမ်းနိုင်တဲ့ နယ်စပ်စခန်းတွေကို ဟပေးလိုက်ရင် လက်နက်ကိုင်အတွက် ဒေါ်လာဘီလျံချီအခွန်ရနေရာလမ်းဖြစ်ပြီး ပိုပိုအင်အားကောင်းလာမှာ၊ ဆက်လက်အာခံနေရမှာ အသေအချာပါပဲ။ ဒါကြောင့်မို့လို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုနဲ့လေကြောင်းကုန်သွယ်မှုက ၉၀ ရာခိုင်နှုန်းလောက်တက်လာအောင်လုပ်ပြီး လက်နက်ကိုင်တွေသိမ်းထားတဲ့နေရာက ပို့ကုန်သွင်းကုန်တွေကို “အဂတိမလိုက်စားဘူး၊ လုံးဝအဝင်အထွက်မခံဘူး”ဆိုတဲ့မူနဲ့သွားမယ်ဆို ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၃၃ ဘီလျံက မပြည့်စရာမရှိသလို လက်နက်ကိုင်အဖို့လည်း ဗဟိုအစိုးရနဲ့ပြေလည်ဖို့ပဲအောက်ကျို့ရမှာ မလွဲမသွေပါ။
◾ အခက်ကြုံနေရတဲ့ စီးပွားရေးကဏ္ဍ
နိုင်ငံ့စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ဖိုအတွက် မြေခံ၊ ရေခံကောင်းတွေနဲ့ လူသားအရင်းအမြစ်တွေ ရှိပြီးဖြစ်ပေမဲ့ စီးပွားရေးအရ ပိတ်ဆို့တာ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့တာနဲ့ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်ပြီး ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေတာတွေကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေတယ်လို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒီအချက်တွေကို ကျော်လွှားနိုင်မယ်ဆိုရင် ကုန်သွယ်မှုတွေ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေး ပိုမိုတိုးတက်ကာ ငွေကြေးတန်ဖိုးတွေလည်း တိုးတက်လာနိုင်မှာဖြစ်သလို နိုင်ငံတစ်နိုင်ငံအနေနဲ့ ထိုက်သင့်တဲ့ ငွေကြေးတန်ဖိုးမှာ တည်ငြိမ်နေဖို လိုတယ်လို့လည်း SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။ ဒါကြောင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးစေရေး၊ စားသောက်ကုန်တွေနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ သင့်တင့်မျှတတဲ့ ဈေးနှုန်းများဖြစ်စေရေးနဲ့ နိုင်ငံရဲ့ ငွေကြေးတန်ဖိုး ခိုင်မာစေဖို့ နိုင်ငံတော်အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
တကယ်တော့ မြန်မာ့စီးပွားရေးကျဆင်းမှုက NLD အစိုးရဟောင်းလက်ထက်မှာစခဲ့တာပါ။ ၂၀၁၇ ဘင်္ဂါလီအရေးအခင်းကို နိုင်ငံတွင်းက နယ်စပ်ကျုးကျော်မှုပြဿနာအစား ကမ္ဘာ့လူအခွင့်အရေးဆိုင်ရာပြဿနာဖြစ်အောင်၊ နိုင်ငံမဲ့တွေကို လူမျိုးတုံးသတ်ဖြတ်တဲ့ လူ့အခွင့်အရေးဆိုင်ရာပြဿနာဖြစ်အောင် အသိဉာဏ်နည်းနည်းနဲ့ လုပ်ဆောင်ခဲ့လို့ နိုင်ငံပါတရားတပေါင်ဖြစ်ခဲ့ရချိန်ကတည်းက FDI ကျဆင်းသွားချိန် ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားကဏ္ဍတစ်ခုလုံးပြိုချိန်၊ နိုင်ငံရေးပြဿနာက ဆင့်ကဲဝင်လာလို့ပိုဆိုးသွားတာပါ။ အဆိုးတကာ့အဆိုးဆုံးကတော့ တာဝန်သိ FDI လုပ်ငန်းတွေ ပြန်မထွက်ထွက်အောင် NLD, NUG နဲ့ PDF တွေ၊ သူတို့ထောက်ခံသူတွေက ဖိအားပေးတာတွေနဲ့ ပိတ်ဆို့မှုတွေကြောင့်ပါ။ ဘင်္ဂါလီပြဿနာတစ်ခုကတောင် FDI ကျစေခဲ့တယ်ဆိုရင် အခုလိုဘင်္ဂါလီပြဿနာလည်းမပြီးပြတ်သေးချိန်၊ နိုင်ငံအနှံ့ “အလုံးစုံပျက်သုဥ်းရေးလုပ်မယ်ဆိုတဲ့ NLD၊ NUG နဲ့ PDF တွေ အင်အားကောင်းနေချိန် FDI လည်းကျ စီးပွားလည်းပျက်တာ မဆန်းပါဘူး”လို့ ပြောရမှာပါ။
ဒါ့အပြင် ဖိအားပေးမှုတွေကြောင့် တာဝန်သိ FDI တွေ မထွက်ချင်ဘဲ လုပ်ငန်းတွေ အရှုံးခံရောင်းပြီး ထွက်ရခြင်းရဲ့နောက်ကွယ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်လာဦးတော့ ဒီလို FDI တွေက ဝင်ဖို့ကြောက်ပြီး ကျင့်ဝတ်မဲ့ FDI တွေပဲဝင်လာဦးမယ်ဆိုတာ ပိတ်ဆို့မှုတွေတောင်းဆို၊ ခရီးသွားမလာဖို့တားမြစ်၊ လုပ်ငန်းတွေထွက်ပေးဖို့ တောင်းဆိုဖိအားပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အာဏာရချိန် FDI ထင်သလောက်မဝင်တာက သက်သေခံပါတယ်။ ဒါကြောင့်မို့လို့ အလုံးစုံဖြိုချပြီး ငါတို့အာဏာရမှပြန်တည်ဆောက်မယ်ဆိုတဲ့ ရူးနှမ်းနှမ်းအတွေးတွေဟာ ဒေါ်အောင်ဆန်းစုကြည်အာဏာရချိန်မှာတောင် အလုပ်မဖြစ်ခဲ့တာမျက်မြင်မို့လို့ ဖျက်ဆီးလေသမျှ ပြည်သူနဲ့နိုင်ငံပဲခံရတာကို အသိတရားရ တွေးဆသင့်ပြီတိုက်တွန်းရင်းပဲ ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။