
၂၃. ၄. ၂၀၂၄
Written by Nyein Kyaw
၂၀၁၆ ခုနှစ် ၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ထားပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်မှုမရှိသေးသည့် ကုမ္ပဏီပေါင်း ၁၄၀ ကျော်ရှိပြီး အဆိုပါ သုံးနှစ်အတွင်း ပို့ကုန်ရငွေ ဝင်ရောက်ရန်ကျန်ရှိသည့် ပမာဏ ဒေါ်လာ ၈၄ သန်းကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါကာလများအတွင်း ပို့ကုန်တင်ပို့ထားပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုမရှိသေးသည့် ကုမ္ပဏီအရေအတွက်နှင့် ပို့ကုန်ငွေဝင်ရောက်ရန် ကျန်ရှိသည့်ပမာဏများမှာ ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ ၇ ခုမှ ပို့ကုန်ရငွေ ဒေါ်လာ ၅၃၃,၃၀၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီ ၄၀ ကျော်မှ ပို့ကုန်ရငွေ ဒေါ်လာ ၈ ဒသမ ၃၆ သန်းနှင့် ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီ ၉၆ ခုအထိရှိပြီး ပို့ကုန်ရငွေ ဒေါ်လာ ၇၅ သန်းကျော်ဖြင့် စုစုပေါင်း ကုမ္ပဏီ ၁၄၀ ကျော်မှ ပို့ကုန်ရငွေ ဒေါ်လာ ၈၄ သန်းကျော်အထိ ဝင်ရောက်ရန်ကျန်ရှိနေခြင်းဖြစ်သည်။
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုအနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြီးခဲ့သည့် ငါးလအတွင်း ကုမ္ပဏီ ၁,၃၀၁ ခုမှ ဒေါ်လာ ၂၈၃ ဒသမ ၃၆ သန်း၊ တရုတ်ယွမ် ၃၂၁ ဒသမ ၈၀ သန်းနှင့် ထိုင်းဘတ် ၈၇၆ ဒသမ ၁၅ သန်းဝင်ရောက်ခဲ့ပြီးဖြစ်သည့်အတွက် ကာလတူထက် ကုမ္ပဏီ ၁,၀၈၆ ခုမှ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၂ သန်း၊ တရုတ်ယွမ် ၂၁၂ ဒသမ ၈၀ သန်းနှင့် ထိုင်းဘတ် ၆၈၈ ဒသမ ၄၈ သန်း ပိုမိုဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက မတ်လ ၅ ရက်တွင် ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၄)တွင် ပြောကြားခဲ့သည်။
ပို့ကုန်ရငွေပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီများကိုလည်း သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်းမရှိပါက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားထားသည်။
