October 30, 2024

၁၅. ၁၂. ၂၀၂၂

Written by Ye Kyaw

၂၀၂၃ ခုနှစ်အတွင်း ကာတာနိုင်ငံတွင် ကျင်းပမည့် ကုန်စည်ပြပွဲ၌ မြန်မာကုမ္ပဏီများ ပါဝင်ပြသရန် ဖိတ်ခေါ်ထားသော်လည်း သတ်မှတ်ကာလ နှစ်ရက်သာကျန်ရှိချိန်အထိ လျှောက်ထားသူမရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ သိရသည်။

“အခုက မလျှောက်လို့လေ။ လျှောက်တဲ့သူမရှိလို့ ကျွန်တော်တို့က တင်ပေးလိုက်တာ။ ကျွန်တော်တို့ UMFCCI (မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်) ကို အကြောင်းကြားထားတယ်။ UMFCCI ကိုလည်း ပါဝင်ပြသဖို့ အကြောင်းကြားထားတာပေါ့” ဟု ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် “International Horticultural Expo 2023” ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် “Green Dessert, Better Environment” ခေါင်းစဥ်ဖြင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဖြန့်ဝေရေးနှင့် စဥ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးစသည့် ခေါင်းစဥ်ကွဲများအလိုက် ကမ္ဘာ့နိုင်ငံများမှ ပါဝင်ပြသကြမည်ဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင် ပါဝင်ပြသသွားမည်ဖြစ်‌ပြီး ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့ထက် နောက်မကျစေဘဲ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ E-mail:[email protected] နှင့် ဖုန်း- ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *