၂၂. ၄. ၂၀၂၄
Written by Thettant
ချန်ပီယံရှစ်က အသင်းငယ်လေးကိုဗင်ထရီဟာ FA ဖလား ဆီမီးဖိုင်နယ်မှာတော့ အထည်ကြီးပျက်အသင်းကြီးမန်ယူကို နောက်ကနေဂိုးတွေလိုက်သွင်းပြီး ဖိအားပေးနိုင်ခဲ့ပေမဲ့ ပင်နယ်လ်တီမှာတော့ ကံဆိုးခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကပဲနှုတ်ဆက်လိုက်ရပြီး FA ဖလားမှာ မန်ချက်စတာဖိုင်နယ်ကို ခွင့်ပြုပေးလိုက်ရပါတယ်။
အဝေးကွင်းမှာ လာကစားရတဲ့ မန်ယူဟာ ၄၂၃၁ နဲ့ပွဲထွက်လာခဲ့ပြီး ၃၄၁၂ နဲ့ ပွဲထွက်လာတဲ့ အသင်းငယ်လေး ကိုဗင်ထရီကို ဖိအားပေးနိုင်ခဲ့တာကြောင့် ပွဲကစားချိန် ၂၃ မိနစ်မှာ တော်မီနေး၊ ပွဲကစားချိန် ၄၅+၁ မှာ မက်ဂွိုင်းယား၊ ၅၈ မိနစ်မှာ ဖာနန်ဒက်အလုံးတွေ ခွင့်ပြုလိုက်ရချိန်မှာ အရာရာအားလုံးပြီးသွားပြီထင်ခဲ့ကြသလို မန်ယူကို ယုံမှတ်လို့ ပုံအပ်တဲ့ဘော်ဒီသမားတချို့ဆို ခိုင်ပြီဆိုပြီး ပျော်သွားတဲ့အထိပါ။
ဒါပေမဲ့လည်း မကြံတတ်တဲ့ တန်ဟက်က ဂါနာချိုကိုထုတ်ပြီး အန်တိုနီအထည့်မှာပဲ ပွဲကစားချိန် ၇၁ မိနစ်မှာ အဲလစ်ဆင်းမ်က ချေပဂိုးတစ်ဂိုးသွင်းယူသွားပါတယ်။ တစ်ဂိုးနဲ့တော့ ဘာမှမဖြစ်ဘူး ငါတို့ကသုံးဂိုးသွင်းထားတာပဲဆိုပြီး ပေါ့ပျက်ပျက်ကစားနေတဲ့ မန်ယူဟာ ကွင်းလယ်ခံစစ်က အစွမ်းပြနေတဲ့ မိန်းနူးကိုထုတ်ပြီး အဲရစ်ဆင်ထည့်လိုက်လို့ ၇ မိနစ်အကြာ ၇၉ မိနစ်မှာ အိုဟဲက ဒုတိယချေပဂိုးသွင်းသွားပြန်ပါတယ်။
နောက်က ၂ ဂိုးလိုက်သွင်းပြီး စိတ်ဓာတ်တက်လာတဲ့ ကိုဗင်ထရီက အသင်းကြီးအသွင်ဖြစ်လာပြီး ၂ ဂိုးပြန်သွင်းခံရလို့ ယုံကြည်မှုပျက်သွားတဲ့မန်ယူက နာလန်မထူနိုင်တဲ့အသွင်နဲ့ဆက်ကန်နေတာကြောင့် ပွဲချိန်ပြီးကာနီး ၉၀+၅ မှာ ဘစ်ဆာကာ လက်ထိရာက ရလာတဲ့ပင်နယ်လ်တီကို ဟာဂျီရိုက်က အပိုင်ကန်သွင်းပြီး အချိန်ပိုခေါ်သွားခဲ့ပါတယ်။
အချိန်ပိုမိနစ် ၃၀ မှာလည်းမန်ယူကစားပုံက စိတ်ပျက်စရာဖြစ်ပြီး မတိကျတဲ့ကန်သွင်းမှုတွေ၊ အနိုင်မယူရဲတဲ့ပျော့ညံ့မှုတွေနဲ့ စိတ်ပျက်စရာဖြစ်နေလို့ ကိုဗင်ထရီကပဲ ပွဲကစားချိန် ၁၂၀ မှာ ဂိုးထပ်သွင်းယူသွားလို့ ပွဲမစည်တဲ့သရဲနီတွေ ငိုရပြီထင်ပေမဲ့ လူကျွံတယ်ပြောတဲ့ VAR ကြောင့် အသက်ရှုပေါက်ရပြီး ပင်နယ်လ်တီကန်ကြတာပါ။
ပင်နယ်လ်တီမှာလည်း စကန်တဲ့ ကာဆီမီရိုရဲ့ဂိုးကို ကိုဗင်ထရီဂိုးသမား ကောလင်းကပုတ်ထုတ်ကာကွယ်သွားခဲ့သလို ဟာဂျီရိုက်ဂိုးကို အိုနားနားမကာကွယ်နိုင်တာကြောင့် အဖွင့်မှာကိုဗင်ထရီအားသာပြီး ဒုတိယဂိုးတွေမှာ သရဲနီ ဒါးလော့ရော ကိုဗင်ထရီက တောပ်ပါ ဝင်ပေမဲ့ အဲရစ်ဆင်၊ ဖာနန်ဒက်၊ ဟွိုင်လန်းတို့က ဂိုးဝင်အောင်ကန်သွားပြီး အိုဟဲကန်တာ အိုနားနားကာကွယ်၊ ဘန်ရှိဖ်က ဂိုးပေါက်နဲ့တခြားစီအကန်မှာတော့ ကိုဗင်ထရီတို့ ငါးလုံးမြောက်ပင်နယ်လ်တီတောင်ကန်ခွင့်မရဘဲ ၄ ဂိုး ၂ ဂိုးနဲ့ မန်ယူကို အရှုံးပေးလိုက်ရပါတယ်။
မနေ့က မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းကို အနိုင်ယူနိုင်ခဲ့ပြီး ဒီနေ့ညမှာတော့ မန်ယူက ကိုဗင်ထရီကို နိုင်ခဲ့လို့ မေလ ၂၅ ရက်ညမှာတော့ မန်ယူနဲ့ မန်စီးတီး မန်ချက်စတာမြို့ခံနှစ်သင်းတို့ ဗိုလ်လုကြတော့မှာပါ။ မန်စီးတီးက ပရီးမီးယားလိဂ် ရနိုင်တဲ့ မျှော်လင့်ချက်ရှိသေးပေမဲ့ မန်ယူကတော့ FA ဖလားတစ်လုံးပဲ မက်စရာကျန်တဲ့အပြင် FA ဖလားရမှလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရမဲ့အခြေအနေမို့လို့ တန်ဟက်တစ်ယောက် လန်ထွက်အောင်လုပ်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါလို့ပဲ….။