MT News
၂၁. ၄. ၂၀၂၄
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင် ကစားနေတဲ့ AFC Futsal Asian Cup 2024 (Group A) မှာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ် ဒီနေ့ ဧပြီ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ အချိန်တရုတ်အသင်းနဲ့ ယှဥ်ပြိုင်ကစားရာမှာ ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမဲ့ ဂိုးကွာခြားချက်ကြောင့် အုပ်စုက ထွက်ခဲ့ရပါတယ်။
မြန်မာအသင်းဟာ AFC Futsal Asian Cup မှာ အုပ်စု (က) ထဲ အိမ်ရှင်ထိုင်း၊ တရုတ်၊ ဗီယက်နမ်တို့နဲ့ ယှဥ်ပြိုင်နေရတာဖြစ်ပြီး နှစ်ပွဲစီယှဥ်ပြိုင်အပြီးမှာတော့ ထိုင်းက ၆ မှတ်နဲ့ အုပ်စုတက်သွားပြီး ဗီယက်နမ်က ၄ မှတ်နဲ့အုပ်စုဒုတိယဖြစ်ကာ မြန်မာကတော့ ၁ မှတ်နဲ့ အုပ်စုတတိယဖြစ်နေလို့ တရုတ်ကို ဂိုးပြတ်နိုင်ဖို့လိုသလို ထိုင်းကလည်း ဗီယက်နမ်ကို ဂိုးပြတ်သွင်းသွားမှ အုပ်စုဒုတိယနဲ့တက်နိုင်မှာပါ။
ဒါပေမဲ့ အုပ်စုတက်ပြီးသားထိုင်းက ဗီယက်နမ်ကို အနိုင်ရဖို့ ဂိုးသွင်းဖို့ အပင်ပန်းခံ မကြိုးစားဘဲ အေးအေးသက်သာကန်ရင်း ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူသွားတာကြောင့် ထိုင်းက ရမှတ် ၉ မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ပြီး ဗီယက်နမ်က ရမှတ် ၄ မှတ်နဲ့ ရဂိုးပေးဂိုးအတူတူဖြစ်နေခဲ့ပါတယ်။
မြန်မာအသင်းကတော့ နှစ်ပွဲကန်ပြီးချိန် ရမှတ် ၁ မှတ်၊ ဂိုးကွာခြားချက်မှာလည်း Minus 5 ဖြစ်နေလို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးမယ်ဆို တရုတ်ကို ၇ ဂိုးပြတ်လောက်သွင်းရမှာဖြစ်ပေမဲ့ တရုတ်က ထောင့်ကန်ဘောကနေ ဦးဆောင်ဂိုးသွင်းသွားလို့ မြန်မာ့က ထောင့်ကန်ဘောကနေ ချေပဂိုးလိုက်သွင်းပြီး ပထမပိုင်းပွဲပြီးလုနီးမှာ ကွင်းလယ်နားကနေ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရှုံးနေတဲ့တရုတ်က ဂိုးသမားပါတက်လာပြီး ဖွင့်တိုက်ချိန် ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲ နောက်တစ်ဂိုးထပ်သွင်းလို့ တရုတ်ကို ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ရမှတ် ၄ မှတ်ရပေမဲ့ ဂိုးကွာခြားချက်မှာ Minus 3 ဖြစ်နေလို့ တတိယနေရာကနေပဲ နှုတ်ဆက်ထွက်ခွာလာခဲ့ရပါတယ်။