MT News
ကမ္ဘာ့ဖလားမှာ ပထမဆုံးဆီမီးဖိုင်နယ်တက်လာတဲ့ အာဖရိကရဲ့ မော်ရိုကိုအသင်းဟာ ဆီမီးဖိုင်နယ်လာရာလမ်းမှာ သူ့အသင်းကို ဂိုးသွင်းနိုင်သူမရှိဘဲ ၁၆ သင်းအဆင့်မှာ စပိန်၊ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီတို့ကို ကျော်ဖြတ်လာခဲ့ပါတယ်။ သူတို့ပေးခဲ့ရတဲ့ တစ်လုံးတည်းသောဂိုးဟာလည်း ကနေဒါနဲ့ပွဲမှာ အာဂူးက ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ပွဲဖြစ်ပြီး ခံစစ်ကစားပုံပုံအဆင့်မြင့်မြင့်နဲ့ အရမ်းကောင်းတဲ့အသင်းအဖြစ် ဒီနှစ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်လာရာလမ်းမှာ ခြေစွမ်းပြခဲ့တာပါ။
ပြင်သစ်နဲ့ပွဲမှာလည်း မော်ရိုကိုဟာ ဒီစံချိန်ကောင်းကို ဆက်ထိန်းဖို့ကြိုးစားပေမဲ့ ပွဲအစ ငါးမိနစ်မှာတင်ပွဲစလို့ သွေးမပူခင် လေးမိနစ်မှာ လွတ်ထွက်လာတဲ့ဂရက်ဇ်မန်းက အမ်ဘာပေဆီကို ဘောလုံးထိုးပေးခဲ့ရာမှာဘာပေ လဲကျသွားခဲ့ပေမယ့် ဂိုးကိုကန်လိုက်ချိန်ပြန်လျှံထွက်လာတာကို အသင့်စောင့်နေတဲ့ သီအိုဟာနန်ဒက်ဇ်က ဘယ်ခြေနဲ့ မြေမကျဘောကန်လိုက်ပြီး မော်ရိုကိုရဲ့ လေတိုက်လို့ တိုးမပေါက်သလို ခံစစ်ကို ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ ပြင်သစ်ရဲ့ အကောင်းဆုံးပုံစံကို ပြခဲ့တာဖြစ်သလို လက်စွမ်းပြနေတဲ့ ဘိုနိုလည်း မတားဆီးနိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ကမ္ဘာ့အကောင်းဆုံးညနောက်ခံလူ ဟာကီမီ ကလည်း ဒီနေ့ပွဲမှာ ဘာပေကို ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်းထိန်းချုပ်ရင်း ကမ္ဘာ့ဖလားပထမပိုင်းမှာ ပြင်သစ် ၁ ဂိုး၊ မော်ရိုကို ၀ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ မော်ရိုကိုအသင်းဟာ ချေပဂိုးရဖို့ အသည်းအသန်ကြိုးပမ်းလာခဲ့သလို အမ်ရာဘတ်၊ ဇီယက်ချ်တို့ရဲ့အတွဲအဖက်တွေဟာ ကြောက်စရာကောင်းလောက်အောင်ကို ထိုးဖောက်နိုင်ခဲ့ပြီး ပြင်သစ်ကို ဂိုးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းချက်အများအပြားနဲ့ တစ်သင်းလုံးဖိအားပေးခဲ့တာကြောင့် ပြင်သစ်ဟာ ခက်ခက်ခဲခဲကို ရုန်းကန်နေရတာပါ။ ဒါပေမဲ့လည်း လိုရစ်နဲ့ ကွန်ဒေး၊ ဗာရိန်း၊ ကိုနာတေး၊ ဟာနန်ဒက်ဇ်တို့ကို ကျော်ဖြတ်နိုင်မှုမရှိတဲ့ မော်ရိုကို ဂိုးရဖို့ စိတ်လောနေတာကြောင့် ကန်သွင်းမှုတွေ မတိကျတဲ့အခြေအနေတွေပဲ ဆက်ဖြစ်နေခဲ့တာပါ။
ဒီနေ့ရဲ့ပွဲအစမှာ ပြင်သစ်က တရစပ်တိုက်စစ်ဆင်၊ မော်ရိုကိုက ရှေ့ပွဲတွေမှာလို ကျစ်လျစ်တဲ့ခံစစ်ကစားပုံနဲ့ ဆော့တာကို မြင်ရမယ်လို့ အများထင်ခဲ့ပေမဲ့ ပွဲအစမှာပေးခဲ့ရတဲ့ ဟာနန်ဒက်ဇ်ရဲ့ဂိုးဟာ ဒီအခြေအနေကို ပြောင်းပြန်လှန်ခဲ့သလိုဖြစ်ခဲ့တာပါ။
ပွဲကစားချိန် ၇၉ မိနစ်မှာတော့ ဒီနေ့ပွဲမှာ တားမရဆီးမရဖြစ်နေတဲ့ အမ်ဘာပေဟာ ကောင်းလှပါတယ်ဆိုတဲ့ မော်ရိုကိုခံစစ်ကလူတွေကို လိမ်ခေါက်ကျော်ဖြတ်လာပြီး ပြင်သစ်အတွက်အနိုင်သေချာစေမဲ့ ဂိုးကို ဖြတ်တင်ပေးခဲ့ပါတယ်။ ဘာပေလှလှပပဖန်တီးပေးတဲ့ ဒီဂိုးကိုတော့ ဒမ်ဘီလီအစားလူစားဝင်လာတဲ့ မူအာမ်နီက အသင့်ပိတ်သွင်းပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ လူစားဝင်ဝင်လာချင်း ပထမဆုံးထိချက်မှာဂိုးသွင်းသူအဖြစ်၊ ဆီမီးဖိုင်နယ်လိုအဆင့်မျိုးမှာ ပထမဆုံးနိုင်ငံတကာသွင်းဂိုးကို သွင်းယူနိုင်သူအဖြစ် သူ့ကို မှတ်တမ်းဝင်စေခဲ့ပါတယ်။
ကမ္ဘာ့ဖလားကော်ကောင် မော်ရိုကိုအသင်းကို ကျော်ဖြတ်လာတဲ့ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတော့ အာဂျင်တီးနားနဲ့ကစားရမှာဖြစ်ပြီး ရွှေဖိနပ်ဆုအတွက် ဘာပေနဲ့ မက်ဆီတို့ရဲ့ နောက်ဆုံးယှဥ်ပြိုင်မှုကို ထပ်မြင်ရဦးမှာပါ။ ဒီနေ့ပွဲမှာ မော်ရိုကိုတို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့လည်း ဂိုးသွင်းမသေချာမှုက သူတို့ကို ခရိုအေးရှားနဲ့ တတိယလုဖို့ပဲ ဖြစ်စေခဲ့ပါတယ်။