၂၁.၄.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၅၉) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ နေအိမ်တစ်လုံးတွင် ယနေ့(ဧပြီလ ၂၁ ရက်)နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ အလျား ၁၀ ပေ ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ သွပ်ကာ၊ဝါးခင်းနေအိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
“အိမ်မှာနေတဲ့ကလေးမက ခေါက်ဆွဲပြုတ်သောက်ရင်း မီးဖိုမီးကို သေချာမသတ်ခဲ့ဘူးလို့ သိရတယ်။ အိမ်ကလည်း အဲ့ဒီနားမှာတစ်လုံးတည်းရှိလို့ တစ်လုံးတည်းလောင်သွားတာ”ဟု ပတ်ဝန်းကျင်နေသူတစ်ဦးက ပြောသည်။
၁၅ မိနစ်ခန့်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးညွန့်လှိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။