၂၁.၄.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် အရက်အလွန်အကျွံသောက်သည့် အမျိုးသားနှစ်ဦး လမ်းဘေး၌ တစ်ရက်တည်း အတူ သေဆုံးသွားကြောင်း ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီမူနှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်မှာ ဧပြီလ ၁၉ ရက်တွင် ပဲခူးမြို့၊ ဆိုရှယ်လမ်း ( ၂၄) လမ်း၊ အနောက်ဘက်ထိပ် ရေမရှိသည့် ရေမြောင်းထဲ၌ အရက်အလွန်အကျွံသောက်ပြီး သေဆုံးသည့် အမျိုးသားနှင့် နန်းတော်ရာရပ်ကွက် အင်းဝ ( ၁) လမ်းရှိ ခြံစည်းရိုးအုတ်တိုင် (လမ်းဘေး) အားမှီ၍ သေဆုံးနေသည့် ရုပ်အလောင်းတို့ကို ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီမူနှင့်လူမှုကူညီရေးအသင်းတို့မှ သွားရောက်သယ်ဆောင်ပြီး ပဲခူးပြည်သူ့ဆေးရုံရှိ ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“သူတို့တွေက အရက်တော်တော်သောက်တဲ့သူတွေ။ လမ်းဘေးအိပ်၊ လမ်းဘေးသောက်တဲ့သူတွေ။ ရာသီဥတုကလည်းပူ သောက်တာကလည်းများဆိုတော့ ရှော့ခ်ဖြစ်ပြီးသေတာဖြစ်မယ်။ သူတို့နှစ်ယောက်က အချိန်လေးပဲ ခြားတာသေတာ။တစ်ယောက်က ရေမြောင်းဘေးမှာ အိပ်ရင်း မူးပြီးတော့ ရေမြောင်းထဲခေါင်းထိုးကျပြီးသေတာ။ နောက်တစ်ယောက်ကလည်း သောက်တာများပြီး လမ်းဘေးကခြံစည်းရိုးအုတ်တိုင်မှီပြီးသေနေတာ။ သူတို့တွေက အရက်ဂျိုးတွေ” ဟု အဆိုပါလူမှုကူညီရေးအသင်းမှ MT News သို့ ဖြေကြားသည်။
အရက်အလွန်အကျွံသောက်ပြီး သေဆုံးသူများမှာ ပဲခူးမြို့တွင် နေထိုင်သူများဖြစ်ပြီး အသက် ( ၃၅) နှစ်အရွယ် ကိုအောင်ဆန်းမင်း ( ခ) ဆွေကြီးနှင့် အသက် (၄၅) နှစ်အရွယ် ကိုအောင်ကိုဦးတို့ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီမူနှင့်လူမှုကူညီရေးအသင်း