October 30, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးနှင့် တိုင်း/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ ဒီဇင်ဘာလ ၁၄ ရက်က တွေ့ဆုံစဥ်

MT News

Written by Tha Doe

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ ၇၂၈၇ မဂ္ဂါဝပ်ရှိသော်လည်း ဖောက်ခွဲဖျက်ဆီးခံရမှုများကြောင့် ၃၀၆၄ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဟန်ကြီးဦးသောင်းဟန်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍတွင် အရင်းအမြစ်မျိုးစုံမှ စက်တပ်ဆင်အင်အားသည် ၇၂၈၇မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများတွင် လာမည့်နွေရာသီအတွက် ရေစုဆောင်းထားရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းနေခြင်း၊ မဟာဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ပို့လွှတ်မှုလျော့နည်းနေခြင်းတို့ကြောင့် ထုတ်လုပ်မှုတွင် ၃၀၆၄ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သုံးစွဲမှုကိုအခြေခံ၍ ဝန်အားမျှတစွာ ဖြန့်ဝေပေးထားရကြောင်း သိရသည်။ ၎င်းအပြင် ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေသည့်ကာလများတွင် ရရှိပြီးပို့လွှတ်လျက်ရှိသော ဓာတ်အားလိုင်းများကို NUG ၏ PDF များက ဖောက်ခွဲ ဖျက်ဆီးလျက်ရှိကြောင်း ဦးသောင်းဟန်က ရှင်းလင်းပြောသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမမျှတ၍ လိုအပ်ချက်များရှိနေပြီး ထိုလိုအပ်ချက်များကို ပြည့်မီနိုင်ရန် တစ်ဖက်တွင် ဖျက်ဆီးခံရသော ဓာတ်အားလိုင်းတိုင်များကို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စီမံဆောင်ရွက်ထားပြီးဖြစ်သော စီမံကိန်းအသစ်များကိုလည်း သတ်မှတ်နှစ်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဦးသောင်းဟန်က ပြောသည်။

သယ်ယူပို့ဆောင်ပေးနေသော ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်းအပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကာ ဓာတ်အားခကောက်ခံခြင်း အပိုင်းတွင်လည်း နိုင်ငံတော်မှရရှိမည့် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝကောက်ခံရရှိရေး အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်စဉ် လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း ဦးသောင်းဟန်က ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *