၂၀.၄.၂၀၂၄
Translated by Htwe Ko Tun
(The Diplomat သတင်းစာတွင် ဧပြီလ ၁၉ ရက်က ဖော်ပြခဲ့သော Scot Marciel ၏ How the New UN Special Envoy should approach her impossible Mission ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ဧပြီလအတွင်း ခန့်အပ်ခံခဲ့ရတဲ့ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီ ဘိရှော့ဟာ ဖြစ်နိုင်ဖွယ်ရာသိပ်မရှိလို့ အများကယူဆထားကြတဲ့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့တာဝန်ကို စတင်ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အရင် အထူးကိုယ်စားလှယ်တွေဆောင်ရွက်ခဲ့ကြသမျှ မအောင်မမြင်ဖြစ်ခဲ့ကြပေမယ့် လက်ရှိအခြေအနေက မြန်မာနိုင်ငံငြိမ်းချမ်းရေးကိုဆောင်ရွက်ရာမှာ ပြည်ပ ငြိမ်းချမ်းရေးဖန်တီးအားထုတ်သူတစ်ဦးအဖို့ လုံးဝမျှော်လင့်ချက်မရှိတဲ့ အခြေအနေမျိုးလို့တော့ ဆိုလို့မရနိုင်သေးပါဘူး။
တစ်ဖက်မှာတော့ မြန်မာ့တပ်မတော်အနေနဲ့လည်း ပြည်တွင်းရေးမှာ နိုင်ငံခြားသားတွေဝင်ရောက်စွက်ဖက်မှုကို လက်ခံလိုခြင်း မရှိသလို အမျိုးသမီးတွေပါဝင်လာမှာ နှစ်ခြိုက်ပုံမရဘူးလို့ တချို့က ဆိုကြပြန်ပါတယ်။ ဒါက စီးပွားရေးအခြေအနေဆိုးဝါးပြီး လူသားချင်းစာနာမှု အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွင်း တကယ့်အခြေအနေလို့ဆိုရမှာပါ။
ပြည်တွင်းမှာဆိုရင်လည်း အစိုးရကိုဆန့်ကျင်နေတဲ့ ခုခံရေးအင်အားစုတွေက မြန်မာ့တပ်မတော်ခေါင်းဆောင်တဲ့ အစိုးရကို အာဏာရယူထားမှုက ဖယ်ရှားဖို့ရည်ရွယ်ချက်ကို နည်းနည်းမှ အလျှော့ပေးလိုပုံမရကြပါဘူး။ ဒါ့ပြင် မြန်မာ့တပ်မတော်ကို ဖြုတ်ချဖို့ လက်နက်ကိုင်အုပ်စုတွေ အကြားဆက်သွယ်မှုနဲ့ ညီညွတ် ပေါင်းစည်းမှု ပိုကောင်းလာတယ်ဆိုရပေမယ့် ဒီအုပ်စုတွေတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ကွဲပြားခြားနားတဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြုနေကြတာ တွေ့ရပြန်တယ်။
ဒီတော့ကာ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ဂျူလီ ဘိရှော့အတွက် လုံးလုံးစိတ်ချရတဲ့ချဉ်းကပ်ရာလမ်းကြောင်းကတော့ မရှိလို့တောင်ဆိုရမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့အတွေ့အကြုံတွေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ တို့ကိုသုံးသပ်အကဲဖြတ်မှုအရ သူမကို အောက်ပါလိုအပ်ချက်လေးတွေ ပါဝင်တဲ့ ချဉ်းကပ်မှုလမ်းကြောင်းကိုတော အကြံပြုခဲ့ကြပါတယ်။
ပထမဆုံးအချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လျော့ပါးဖို့ မြန်မာစစ်ဖက်ကို ဖျောင်းဖျပြောဆိုဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေအားလုံး အပေးအယူ သဘောတူညီချက်တွေရဖို့ ညှိနှိုင်းဆွေးနွေးမှုစားပွဲဝိုင်းကို ရောက်ကြစေရေးဆိုတဲ့ ရည်ရွယ်ချက်တွေက မျှော်လင့်ချက်မရှိသလောက်နီးပါးလို့ဆိုရမှာပါ။ ညှိနှိုင်းဆွေးနွေးပွဲတွေဖြစ်စေဖို့ ရေခံမြေခံအခြေအနေအတွက် အကောင်းဆုံးမျှော်လင့်ချက်က မြန်မာ့တပ်မတော်အတွက် ထွက်ပေါက်အဖြစ် စတင်ရှာဖွေမယ့်မဟာဗျူဟာကို အားနည်းစေမယ်လို့ ဆိုကြပါတယ်။
ဒုတိယအနေနဲ့တော့ ဂျိူလီ ဘိရှော့အနေနဲ့ အကူအညီဖြစ်စေမယ့် အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်တဲ့အခြေအနေရောက်တဲ့အထိ ကြားကာလတစ်ခုကို သတ်မှတ်ဆောင်ရွက်သင့်တယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသားအများစုဖြစ်တဲ့ ကျွမ်းကျင်သူနိုင်ငံရေးအကဲဖြတ်တွေနဲ့ စစချင်းမှာပဲ အချိန်ယူဆွေးနွေးသင့်ပါတယ်။ ဒီနောက်မှာတော့ အကျပ်အတည်းမှာ ပါဝင်ပတ်သက်နေသူတွေဖြစ်တဲ့ မြန်မာ့တပ်မတော်၊ အစိုးရဆန့်ကျင်ဖက်အင်အားစုတွေနဲ့ မြို့ပြအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံမှုကို သတိရှိစွာပြုလုပ်သွားသင့်တယ်လို့ ဘိရှော့ကိုအကြံပြုကြပါတယ်။
ဒီနေရာမှာဆွေးနွေးပွဲတွေပြုလုပ်ရာမှာ ဘိရှော့အနေနဲ့ ဓာတ်ပုံမရိုက်ဖို့ တောင်းဆိုသင့်တယ်လို့ အကြံပြုကြတာလည်း တွေ့ရပါတယ်။ ဒါကမဖြစ်နိုင်ရင်တော့ ဘိရှော့ရဲ့ မြန်မာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့ဓာတ်ပုံတွေဟာ ပြည်ပရောက် NUG အစိုးရနဲ့ တွေ့တဲ့ပုံတွေ၊ တခြားသော ဆန့်ကျင်ရေးလက်နက်ကိုင်အင်အားစု ခေါင်းဆောင်တွေတွေ့တဲ့ပုံတွေနဲ့ အချိန်ကိုက် ဆီလျော်စွာ ထုတ်ပြန်သင့်တယ်လို့ ဆိုကြပါတယ်။
တတိယအချက်အနေနဲ့တော့ အစိုးရဆန့်ကျင်ရေးအင်အားစုတွေကို ဆွေးနွေးတဲ့အခါမှာ ညှိနှိုင်းမှုတွေ ပိုမိုလုပ်ဆောင်ဖို့နဲ့မျှော်မှန်းချက်တွေ မျှဝေကြဖို့ကို အနာဂတ်အပြောင်းအလဲအတွက် အသေးစိတ် စီမံချက်ကို လုပ်ဆောင်မှုနဲ့အတူ အားပေးမှုပြုသင့်တယ်လို့လည်း ဆိုကြပါတယ်။
စတုတ္ထအချက်အနေနဲ့ အကြံပြုကြတာကတော့ ဘိရှော့ အနေနဲ့ ကုလသမဂ္ဂရော၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားစိတ်ဝင်စားတဲ့နိုင်ငံတွေကိုပါ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအထောက်အပံ့ပေးမှုကို ပြန်လည်သုံးသပ်ကြဖို့ ပြောသင့်တယ်လို့ဆိုတာပါပဲ။
နောက်ဆုံးအနေနဲ့တော့ မြန်မာနိုင်ငံအကျပ်အတည်းအခြေအနေမှ လွန်မြောက်ရေးအတွက် ဒေသတွင်းမှ အဓိက ပါဝင် ဆောင်ရွက်နေတဲ့ အာဆီယံ အထူးသံတမန် အလွန်ကီအို ကစ်တီခွန်လို ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံညှိနှိုင်းသွားသင့်တယ်ဆိုပါတယ်။