October 30, 2024

MT News

Written by Nay Aung

နိုင်ငံတကာ လူအခွင့်ရေးအဖွဲ့များ စိုးရိမ်မှုမြင့်တက်နေချိန်တွင် မလေးရှားတရားရုံးတစ်ရုံးက မြန်မာနိုင်ငံသား ၁၁၄ ဦးကို မိခင်နိုင်ငံထံ ပြန်ပို့မည့်အစီအစဉ်ကို ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင်ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ပြန်ပို့လိုက်ပါက ဘေးကင်းလုံခြုံမှုများ ခြိမ်းခြောက်ခံရမှုများ ရှိလာနိုင်သည့်အတွက် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်မပို့ရန် နိုင်ငံတကာလူအခွင့်ရေးအဖွဲ့စည်းများက တိုက်တွန်းတောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က အာဏာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မလေးရှားအစိုးရသည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ရန်စီစဉ်ခဲ့ပြီး အဆိုပါအစီအစဉ်ကို အကောင်ထည်ဖော်နိုင်ရေးနှင့်ပတ်သက်ကာ မလေးရှားတရားရုံးထံ စဉ်းစားဆုံးဖြတ်ပေးရန် မလေးရှားအစိုးရက တောင်းဆိုခဲ့ကြောင်း သိရသည်။

တရားရုံးသည် မလေးရှားအစိုးရ၏တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသား ၁၁၄ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ရန်ခွင့်ပြုမိန့်ပေးခဲ့ကြောင်းသိရသည်။

သို့သော်လည်း မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၁၁၄ ဦးကို ချက်ချင်းပြန်ပို့မှုရှိမရှိဆိုသည့်အချက်ကိုအတိအကျ မသိသေးကြောင်း သိရသည်။

Amnesty International အဖွဲ့နှင့် Asylum Access အဖွဲ့တို့က ” မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံကို ပြန်ပို့မယ့် အစီအစဉ်ကို ပြန်စဉ်းစားဖို့ မလေးရှားအစိုးရကို တိုက်တွန်းပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာဥပဒေများနဲ့ လူအခွင့်ရေးတို့ကိုလေးစားလိုက်နာဖို့ မလေးရှားအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံကို ပြန်ပို့မယ့် မလေးရှားအစိုးရရဲ့အစီအစဉ်ကို ရပ်တန့်စေလိုတယ်” ဟုဆိုသည်။

မလေးရှားထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၁၄ ဦးထဲတွင် ကလေးငယ်များ၊ နိုင်ငံရေးခိုလှုံခွင့်ရရန် တောင်းဆိုသူများ ပါဝင်လျက်ရှိနေကြောင်း Amnesty International အဖွဲ့၏ မလေးရှားနိုင်ငံဆိုင်ရာ ဒါရိုက်တာ ကာတရီနာ မာလီယာမက်ဗ့်ကပြောသည်။

အဆိုပါ ပြန်ပို့ရန်စီစဉ်ထားသူများသည် မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒချိုးဖောက်မှုများကြောင့် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်း မလေးရှားအစိုးရက ပြောသည်။

မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ထားသူများကို ဒုက္ခသည်အဖြစ်အသိမှတ်ပြုခြင်းမရှိဘဲ မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးပမ်းသူများအဖြစ် သတ်မှတ်ဆက်ဆံကြောင်း သိရသည်။

မလေးရှားအစိုးရသည် မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချခဲ့သော်လည်း မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်များအပါအဝင် မလေးရှားထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးခံရသူများကို မိခင်မြန်မာနိုင်ငံသို့ ပြန်ပို့လျက်ရှိနေကြောင်း သိရသည်။ မလေးရှားအစိုးရသည် ပြီးခဲ့သည့် အောက်တိုဘာလကလည်း

မလေးရှားနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရန်ကြိုးပမ်းသည့်မြန်မာရေတပ်အရာရှိဟောင်း အပါအဝင် ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၅၀ကျော်ကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်းသိရသည်။

Ref ,malaymail ၊ channelnewsasia

Leave a Reply

Your email address will not be published. Required fields are marked *