၁၄. ၁၂. ၂၀၂၂
Written by Pan Ei
နယူးဇီလန်နိုင်ငံသည် သမိုင်းဝင်ဆေးလိပ်မသောက်ရေး ဥပဒေကြမ်းကို အင်္ဂါနေ့ (ဒီဇင်ဘာ ၁၃ရက်)တွင် အတည်ပြုခဲ့ပြီးနောက် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ သို့မဟုတ် ၁ရက်နေ့နောက်ပိုင်း မွေးဖွားသူတိုင်းအား ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းကို တားမြစ်ခဲ့သည်။
အဆိုပါတားမြစ်ချက်သည် အနာဂတ်မျိုးဆက်သစ်များအား ဆေးလိပ်သောက်ခြင်းမှ တားဆီးရန် ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံကို “ဆေးလိပ်ကင်းစင်” စေရန် အစိုးရတွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အဆိုပါ ဥပဒေသစ်၌ ၂၀၂၃ နှစ်ကုန်တွင် ဆေးရွက်ကြီးနှင့် ဆေးလိပ်လက်လီရောင်းချခွင့် လိုင်စင်ရသူအရေအတွက်ကို ၆၀၀၀ မှ ၆၀၀ ခန့်သို့ လျှော့ချရန်လည်း ပါဝင်သည်။
ထိုဥပဒေသစ်ကို ချိုးဖောက်ပါက ဒဏ်ငွေ နယူးဇီလန် ဒေါ်လာ ၁၅၀,၀၀၀ (ဒေါ်လာ ၉၆,၀၀၀ ခန့်) အထိ အပြစ်ပေးခံရနိုင်သည်။
“လူထောင်ပေါင်းများစွာလည်း အသက်ပိုရှည်မယ်။ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်တာတွေအပြင် ဆေးလိပ်သောက်တာကြောင့် ဖြစ်ရတဲ့ ရောဂါတွေကို ကုသဖို့ မလိုအပ်ဘဲ ဒေါ်လာ ၅ ဘီလီယံလောက် ပိုသက်သာလာလိမ့်မယ်” ဟု တွဲဖက်ကျန်းမာရေးဝန်ကြီး အေရီ ရှာဗာရယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အေရီ ရှာဗာရယ်၏ အဆိုအရ နယူးဇီလန်နိုင်ငံတွင် ဆေးလိပ်သောက်မှုနှုန်းသည် လွန်ခဲ့သည့် ၁၂ လအတွင်း ၉ ဒသမ ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်နှုန်း အနိမ့်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သည်။
Ref; CNN