၁၄. ၁၂. ၂၀၂၂
Written by Ye Kyaw
ကျပ်ငွေတန်ဖိုးကျဆင်းခဲ့သဖြင့် ငွေသားမကိုင်လိုသည့်အတွက် အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည့် ကျပ်သိန်းထောင်ကျော်တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေများ လက်ရှိတွင် အရောင်းအဝယ် ပြန်အေးသွားကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“လက်ရှိနည်းနည်းအေးနေတယ်။ လုံးဝမဖြစ်တာတော့ မဟုတ်ဘူး နည်းနည်းအေးသွားတာ။ လက်ရှိက ဒီလိုပေါ့။ ဖြစ်နေတာက ပြီးခဲ့တဲ့ လေး၊ ငါး ၊ ခြောက်လလောက်က တော်တော်များများ ဖြစ်တာပေါ့နော်။ သိန်းထောင်ဂဏန်းနဲ့ သိန်းကြီးပိုင်းအထိ ဖြစ်ကြတာပေါ့။ အခုတော့ အဲဒါတွေအကုန်လုံးက အေးသွားတဲ့သဘော” ဟု ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။
၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ ကျပ်ငွေတန်ဖိုးကျဆင်းလာခဲ့ခြင်း၊ ဘဏ်များတွင် ငွေသားထုတ်ယူမှုအတွက် အခက်အခဲများရှိခဲ့ခြင်းတို့ကြောင့် အခြေပစ္စည်းများဖြစ်သည့် အိမ်၊ ခြံ၊ မြေနှင့် ကား စျေးကွက်များတွင် အရောင်းအဝယ်များ ယခင်ကထက် ပိုမိုဖြစ်ခဲ့ပြီး စျေးနှုန်းများလည်း မြင့်တက်လာခဲ့ခြင်းများ ရှိခဲ့သည်။
လက်ရှိတွင် ဘဏ်များမှ ငွေသားထုတ်ယူမှုသည် ယခင်ထက် အဆင်ပြေချောမွေ့လာပြီး ငွေလဲလှယ်နှုန်းမှာလည်း ၂၀၂၁ ခုနှစ်၊ နှစ်အစပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ငွေစျေးနှုန်းအထိ ပြန်လည်ကျဆင်းလာခြင်းမရှိသော်လည်း အမြင့်ဆုံးမြင့်ခဲ့သည့်စျေးနှုန်းများမှ တရိပ်ရိပ်ပြန်လည်ကျဆင်းလျက်ရှိသည်။