၁၄. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံဘက်က ရုရှားနိုင်ငံနှင့်ကုန်သွယ်ရာတွင် ပို့ဆောင်သည့် ကုန်ပစ္စည်းအချို့အတွက် ကုန်သွယ်မှုပေးချေရာ၌ အိန္ဒိယနိုင်ငံသုံး ရူပီးငွေကို ဒီဇင်ဘာ ၁၉ ရက်မှစ၍ အသုံးပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယပို့ကုန်အဖွဲ့အစည်းများအသင်းချုပ် (FIEO) ၏ ညွှန်ကြားရေးမှူးချုပ် အဂျေ ဆာဟေးက ပြောကြားသည်။
၎င်းက အခက်အခဲအချို့ရှိမှုအား ဖြေရှင်းခဲ့ကြပြီးဖြစ်ကြောင်း၊ ပို့ကုန်နှင့် သွင်းကုန် လုပ်ငန်းရှင်များက ဘဏ်များတွင် ရူပီးငွေဖြင့် ဘဏ်စာရင်းများဖွင့်လှစ်ထားကြပြီး ဖြစ်ကြောင်းပြောခဲ့သည်။ ထို့ပြင် ၎င်းကပေးချေမှုစနစ်အသစ်အရ ကုန်သွယ်မှုပေးချေခြင်းများကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပြုလုပ်သွားနိုင်ရန် မျှော်လင့်ကြောင်းလည်းပြောခဲ့သည်။
အိန္ဒိယဘဏ် ငါးခုမှ ခြောက်ခုကို ရုရှားနှင့် အိန္ဒိယအကြားကုန်သွယ်မှုချောမွေ့စေရန် ငွေစာရင်းများဖွင့်လှစ်ထားပြီးဖြစ်ကြောင်းလည်း အိန္ဒိယအစိုးရသတင်းအရင်းအမြစ်တစ်ခုက ဆိုသည်။
နိုဝင်ဘာလအတွင်းက The Indian Express သတင်းစာက မကြာမီကာလအတွင်း ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှု နှစ်ဆတိုးမြှင့်ရန်နှင့် ကုန်သွယ်မှု၌ ရူပီးငွေဖြင့်ပေးချေသွားရန် စက်တင်ဘာလက ကျင်းပခဲ့သော နှစ်နိုင်ငံတာဝန်ရှိသူများအကြား အဆင့် မြင့်အစည်းအဝေးတစ်ရပ်၏ ရလဒ်များကို ကိုးကားလျက် သတင်းဖော်ပြခဲ့သည်။
အဆိုပါသတင်းစာကပင် နှစ်နိုင်ငံအကြားကုန်သွယ်မှု ရုတ်ခြည်းတိုးမြင့်လာခဲ့ခြင်းက အဓိကအားဖြင့် ရုရှားနိုင်ငံမှ ရေနံကို အိန္ဒိယနိုင်ငံက ဝယ်ယူတင်သွင်းမှု မြင့်မားလာခဲ့ခြင်းကြောင့်လည်းဖြစ်ကြောင်း၊ မူလက ရုရှားမှတင်သွင်းသောရေနံက အိန္ဒိယနိုင်ငံရေနံစိမ်းလိုအပ်ချက်၏ တစ်ရာခိုင်နှုန်းသာရှိရာမှ ၂၂ ရာခိုင်နှုန်းအထိ မြင့်မားလာကြောင်းဖေါ်ပြခဲ့သည်။
Ref, Sputnik News