၁၄. ၁၂. ၂၀၂၂
Written by Ye Kyaw
လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့ရေချိုငါး ငါးမြစ်ချင်း တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၆ ဒသမ ၄ သန်းကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်စျေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင် ရေထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် မြန်မာ့ရေချိုငါး ငါးမြစ်ချင်းများအား မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စျေးကွက်သို့ မြန်မာ့ရေချိုငါး ငါးမြစ်ချင်း တန်ချိန် ၅၁၉၅ ဒသမ ၂ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၆ ဒသမ ၄၉၄ သန်းရရှိထားသည်။ ပြီးခဲ့သည့် Mini Budget ကာလတူထက် ဒေါ်လာ သုည ဒသမ ၁၈ သန်း ပိုမိုရရှိထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသအလိုက် အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြိုနယ်အချို့တွင် ငါးမွေးမြူရေးကန်းများကို စီးပွားဖြစ် တူးဖော်လုပ်ကိုင်လျက်ရှိသည်။
လက်ရှိဘဏ္ဍာနှစ် ရှစ်လကျော်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မောင်တောကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာ ၁၀ သန်းကျော် ဆောင်ရွက်ထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄ သန်းကျော် ပိုမိုဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။