October 23, 2024

၁၄. ၁၂. ၂၀၂၂
Written by Ye Kyaw

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ် မဂ္ဂါဝပ် ၈၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်မည့် နေရာခြောက်ခုကို လေ့လာထားပြီးဖြစ်၍ အမြန်ဆုံးပူးပေါင်းဆောင်ရွက်စေလိုကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဦးသောင်းဟန်က ပြောကြားသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation (ROSATOM) တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM ၏ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော လေအားလျှပ်စစ်၊ အသေးစား ရေအားလျှပ်စစ်များကိုလည်း မြေပြင်တွင် သွားရောက်လေ့လာ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ အလားအလာကောင်းများရှိသော နေရာခြောက်ခုတွင် စုစုပေါင်းမဂ္ဂါဝပ် ၈၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ROSATOM အနေဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုတွင် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး အထူးအလေးထားဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay SPASSKIY က စီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သော သဘောတူစာချုပ်များ ဆက်လက်‌ရေးထိုးနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဥ်အဆင့်အဆင့်ကို ဆက်လုပ်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

နှစ်ပေါင်း ၃၄ နှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၄၅ ခုအထိ လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၈ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းမျာအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *