October 23, 2024

၁၄.၁၂.၂၀၂၂
Written by Pan Ei

အမေရိကန် အထက်လွှတ်တော်အမတ်(ရီပတ်ဘစ်ကန်) မာကို ရူဘီရို (Marco Rubio)သည် တရုတ်၏ နာမည်ကြီး ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Tik Tok ကို ပိတ်ပင်ရန် ပါတီနှစ်ခု၏ ဥပဒေပြဌာန်းချက်ကို အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ အက်ပလီကေးရှင်းသည် အမေရိကန်နိုင်ငံသားများ၏ အကြောင်းအရာများကို စူးစမ်းထောက်လှမ်းရန် အသုံးပြုနိုင်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး Tik Tok ပိုင်ရှင် ByteDance ကုမ္ပဏီကို ဖိအားပေးခဲ့သည်။

အဆိုပါဥပဒေသည် တရုတ်နှင့် ရုရှားတို့၏ လွှမ်းမိုးမှုအောက်တွင်ရှိနေသည့် မည့်သည့် ဆိုရှယ်မီဒီယာမှမဆို အရောင်းအ၀ယ်၊ လုပ်ငန်းဆောင်တာများအားလုံးကို ပိတ်ဆို့မည်ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ်ရုံးမှ ပြောကြားခဲ့ပြီး ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် Mike Gallagher နှင့် ဒီမိုကရက်တစ်အမတ် Raja Krishnamoorthi တို့က တွဲဖက်ဥပဒေမူကြမ်း ပူးတွဲတင်သွင်းထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“Tik Tok ရဲ့ အမျိုးသားလုံခြုံရေးအတွက် သက်ရောက်မှုအပေါ်  ပြန်လည်သုံးသပ်ဖို့ အုပ်ချုပ်ရေးအဖွဲ့ကို အားပေးမယ့်အစား အချို့ကွန်ဂရက်အဖွဲ့ဝင်တွေက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို မြှင့်တင်ပေးမယ့် အရာထက် နိုင်ငံရေးအရ လှုံ့ဆော်မှုတွေကြောင့် တားမြစ်ပိတ်ပင်မှုဖို့ ဆုံးဖြတ်ခဲ့တာ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကုမ္ပဏီအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျွန်ုပ်တို့ရဲ့ ပလက်ဖောင်းကို ပိုမိုလုံခြုံစွာ အသုံးပြုနိုင်စေဖို့ ကောင်းမွန်စွာ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို လွှတ်တော်အဖွဲ့ဝင်တွေဆီ ဆက်လက်တင်ပြသွားမှာပါ” ဟု Tik Tok မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ကြားနာမှုတစ်ခုတွင် FBI ဒါရိုက်တာ Chris Wray က TikTok ၏ အမေရိကန်နိုင်ငံအတွက် စစ်ဆင်ရေးများသည် အမျိုးသားလုံခြုံရေးကို စိုးရိမ်မှုများ မြင့်တက်စေပြီး သုံးစွဲသူများကို လွှမ်းမိုးရန် သို့မဟုတ် ၎င်းတို့၏ စက်ပစ္စည်းများကို ထိန်းချုပ်ရန် တရုတ်အစိုးရက ကြိုးကိုင်ထားနိုင်သည့် အန္တရာယ်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတ Donald Trump သည် Tik Tok အသုံးပြုသူအသစ်များအား ဒေါင်းလုဒ်ဆွဲခြင်းမှ တားမြစ်ရန်နှင့် အမေရိကန်ပြည်ထောင်စုတွင် အဆိုပါ ပလက်ဖောင်းအသုံးပြုမှုများကို တားဆီးပိတ်ပင်ရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကော်မတီ (CFIUS) နှင့် Tik Tok တို့သည် ၂၀၂၀ ခုနှစ်မှစ၍ Tik Tok သုံးစွဲသူ သန်း 100 ကျော်၏ ဒေတာအချက်အလက်များကို ကာကွယ်ရန် အမျိုးသားလုံခြုံရေး သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်၍ လအတော်ကြာ ဆွေးနွေးခဲ့သည်။

အမျိုးသားလုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်များတွင်လည်း နိုင်ငံပိုင် အစိုးရစက်ပစ္စည်းများနှင့် ကွန်ပျူတာကွန်ရက်များတွင် Tik Tok အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ထားသည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *