October 23, 2024

၁၄. ၁၂ .၂၀၂၂
Written by Thi Ha

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၁ လမ်းနှင့် ၃၀×၃၁ လမ်းကြား ရန်မျိုးလုံရပ်ကွက်၊ မန္တလေးခရောစ့်ဆင့်မုန့်ဆိုင် (Mandalay Croissant Bakery & Pastry) မှ အသက် ၅ နှစ် ၄ လအရွယ် မောင်ဇွဲဝေယံထွန်းသည် အဘွားဖြစ်သူ မျက်မြင်နေရာမှ မိနစ်ပိုင်းခဏ မျက်နှာလွှဲမိချိန်အတွင်း ပျောက်ဆုံးသွားခဲ့ရာ ယနေ့ ကလေးပျောက်ဆုံးမှု ၄ ရက်မြောက်နေ့အထိ ရှာဖွေတွေ့ရှိမှုမရှိသေးသဖြင့် ကူညီရှာဖွေပေးပါရန် မိသားစုက မေတ္တာရပ်ခံထားသည်။

မောင်ဇွဲဝေယံထွန်းသည် ဒီဇင်ဘာ ၁၁ ရက်က ၇၁ လမ်း နှင့် ၃၀×၃၁ လမ်းရှိ အဘွားဖြစ်သူနေအိမ်တွင် ဆော့ကစားနေစဉ် နေ့လည်၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ်ဖြစ်ပွားပုံကို ကလေး၏ အဘွားဖြစ်သူမှ “ကလေးကို ရေချိုးပေးမယ်ဆိုပြီး မချိုးပေးခင် အဘိုးဖြစ်သူက ဆိုင်ရှေ့မှာ ကားပေါ်က ဂျုံအိတ်တွေ ချနေတာ။ မြေးဖြစ်သူက ဆိုင်ရှေ့ တံစက်မြိတ်က ပလပ်စတစ်ခုံပေါ်ထိုင်နေတာ။ အဖိုးက သားသားခဏနေဦး။ အဖိုး ဂျုံတစ်အိတ်ချပြီးရင် ရေချိုးကြမယ်ဆိုလို့ အဲဒီခုံမှာထိုင်ရင်း သေနတ်နဲ့ ကစားနေတာ။ အန်တီက ခါးနာနေတာကို ဆေးပလာစာကပ်ထားတော့ လေထိမခံချင်တာနဲ့ ဆိုင်ထဲမှာ ထိုင်ရင်း မုန့်ပါဆယ်ဗူးတွေ ခေါက်နေတာပါ။ ကလေးနဲ့လည်း ဘယ်လောက်မှ မဝေးသလို လှမ်းကြည့်ရင်လည်း မြင်နေရတာပါ။ နောက်ပြီး ပါးစပ်ကလည်း အန်တီက သူ့ကို ခဏခဏ ခေါ်ခေါပြီး စကားလှမ်းပြောတတ်တဲ့ အကျင့်ရှိနေတော့။ မကြာခဏ ခေါ်လိုက် သူကထူးလိုက် လှမ်းကြည့်လိုက် အောက်မဆင်းနဲ့နော် ပြောလိုက် အလုပ်လုပ်လိုက်ပါပဲ။ ခဏအကြာ ထပ်ခေါ်တော့ ကလေးက ထူးသံမကြားဘူး။ တကယ့်မှ တကယ့်ကို ၁ မိနစ် ၂မိနစ်လောက်ပဲ ခြားတာပါ။ မထူးတော့ သူ့ကို လှမ်းကြည့်တော့ နေရာမှာ မရှိဘူး။ ကိုယ်ကလည်း ခါးဝေဒနာနဲ့ ရုတ်တရက် မထနိုင်တော့။ အိမ်ထဲက သားအငယ်ကို နင့်တူသွားကြည့်ဦး ငါ့ကို ခေါ်တာမထူးဘူးဆိုပြီး သွားကြည့်မှ ပျောက်မှန်းသိကြရတာ။ တကယ့်ကို ခဏလေးရယ်ပါ”ဟု MT News သို့ပြောသည်။

ခရော့စ်ဆင့်မုန့်ဆိုင်၏ တောင်ဘက်ပိုင်းတွင် အရိုးအဆစ်အကြောကုသဆေးခန်းရှိပြီး မျက်နှာခြင်းဆိုင်တွင် ဘီယာဆိုင်၊ စားသောက်ဆိုင်များလည်း ရှိသည်။ ကလေးကို အနီးအနားတွင် ရှာဖွေရာတွင်လည်း မျက်မြင်သတိထားမိသူများ မရှိသလောက်ဖြစ်နေပြီး ထိုနေ့တွင် ၇၁ လမ်းထောင့်၌ Suprise Check ရှိသဖြင့် ယာဥ်ထိမ်းရဲ ရှိနေ၍ ဆိုင်ကယ်၊ မော်တော်ယာဥ်အပါအဝင် လူသွားမှုရှင်းလင်းနေကြောင်းလည်း သိရသည်။

“အန်တီတို့လည်း CCTV တွေကနေ လိုက်ကြည့်တော့။ ကလေးက ထိုင်နေတဲ့ နေရာကနေ လမ်းထောင့်ဘက်ကို အပြေးတစ်ပိုင်းနဲ့ ထွက်သွားတာကို တွေ့လိုက်ရတယ်။ နောက်လမ်းထောင့်ကိုမြင်ရတဲ့ CCTV ကနေ ထပ်ရှာတော့ ကလေးထွက်လာတာကို မတွေ့ရဘူး။ အန်တီတို့ဆိုင် အရှေ့ဘက်ပိုင်းလေး အတွင်းမှာတင် ကလေးက ပျောက်ခြင်းမလှ ပျောက်တာပါ။ မိဘ ဆွေမျိုးတွေလည်း အရူးတစ်ပိုင်းဖြစ်နေပါပြီ” အဘွားဖြစ်သူက ဆက်လက်ပြောပြသည်။

မိခင်ဖြစ်သူမှာ သားစိတ်ဖြင့် မအိပ်မစားသည့်အထိဖြစ်နေရပြီး ဆေးဝါးကုသမှု ခံယူနေရသည်။ မန္တလေးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး မိသားစုဘက်မှလည်း လက်လှမ်းမှီသမျှ အကူအညီများ ရယူကာ စုံစမ်းရှာဖွေ ဖော်ထုတ်လျှက်ရှိနေကာ မြို့ခံ ငွေကြေးတတ်နိုင်သူတချို့ကလည်း ကလေးပြန်လည်တွေ့ရှိရေးအတွက် ဆုငွေထုတ်ကာ ကူညီရှာဖွေပေးလျှက်ရှိသည်။

မန္တလေးမှ လက်ဝတ်ရတနာလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေသင်ကိုကလည်း”ကျပ်ငွေ ၁၀သိန်း မိဘကိုယ်စားကန်တော့ပေးပါမယ်ရှင်။ ကလေးမိဘထံမှ ကူးယူပြီးကလေးမိဘကိုယ်စား အကူအညီတောင်းပါတယ်ရှင်။ ကျေးဇူးပြု၍ သားလေးအားတွေ့ရှိခဲ့ပါက မိဘဖုန်းနံပါတ်ထံ တိုက်ရိုက်ဆက်သွယ်ပေးပါရှင်။ ဆက်သွယ်ပို့ဆောင်ပေးသောသူ အသက်သခင်ကျေးဇူးရှင်များအားလည်း ကျွန်မတို့မိသားစုမှ ကျပ်ငွေ ၁၀ သိန်း မိဘကိုယ်စားကန်တော့ပေးပါမယ်ရှင်။ မိဘတွေအတွက် ကြည့်ကြည့်ပြီး စိတ်တွေကိုယ်ပါ ရူးချင်လာလို့ပါ။ သားသမီးအပူက ဘာနဲ့မှကို မတူလို့ပါ။ ကျေးဇူးပြု၍ ဝိုင်းပြီးကူညီပေးကြပါအုံးရှင်” ဟု သူ၏ လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းခံထားသည်။

မောင်ဇွဲဝေယံထွန်၏ ဖခင်ဖြစ်သူကလည်း”ကျွန်တော့်သား ဇွဲဝေယံထွန်း အသက် ၅ နှစ် ၄ လသည် ဒီဇင်ဘာ ၁၁ ရက်တွင် ၇၁ လမ်း ၃၀×၃၁ လမ်းရှိ အဘွားအိမ်တွင်ဆော့နေစဉ် နေ့လည်၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပျောက်သွားပါသဖြင့် တွေ့ရှိကအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ကျေးဇူးဆပ်ပါမည်။ အဖ ဦးဟန်မျိုးဝင်း၊ အမိ ဒေါ်ဝါဝါမြင့်သိန်း၊ ထင်ရှားသောအမှတ်အသား ဗွေနှစ်လုံးပါ။ ဆက်သွယ်ရန်။ မန္တလေးခရောစ့်ဆင့်မုန့်ဆိုင်။ ၇၁ လမ်း ၃၀×၃၁ ကြားရန်မျိုးလုံရပ်ကွက်၊ ချမ်းအေးသာစံ၊ မန္တလေးမြို့၊ ၀၉၇၈၅၅၁၉၇၈၉၊ ၀၉၇၈၀၇၆၀၀၇၈၊ ၀၉၄၀၂၅၃၂၄၃၀”ဟု ကြေညာထားသည်။

ပျောက်ဆုံးနေသောကလေးငယ် အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ကူညီရှာဖွေပေးရန်လည်း အဘွားဖြစ်သူက MT News မှတစ်ဆင့် မေတ္တာရပ်ခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *