
SAC ဥက္ကဋ္ဌထံ ကမ္ဘောဒီးယားဝန်ကြီးချုပ်လာရောက်တွေ့ဆုံစဥ်
၁၄.၁၂.၂၀၂၂
Written by Nay Aung
မြန်မာ့နိုင်ငံရေးပဋိပက္ခများကို မကြာမီဖြေရှင်းနိုင်မည်ဆိုသောအချက်ကို သံသယရှိကြောင်းနှင့် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန် အချိန် ၅ နှစ်ကျော်ကြာ အချိန်ယူရဖွယ်ရှိနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့တွင် ကျင်းပနေသည့် အာဆီယံ-အီးယူထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိနေပြီး ဘယ်လ်ဂျီယံနိုင်ငံရောက် ကမ္ဘောဒီးယားနိုင်ငံသားများနှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဟွန်ဆန်သည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူနေသည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း၏ မြန်မာနိုင်ငံသို့တတိယအကြိမ်မြောက်သွားရောက်မည့် အစီအစဉ်ကိုလည်း ပယ်ချခဲ့ကြောင်းသိရသည်။
“ကျွန်တော်ရဲ့ခန့်မှန်းမှုအရဆိုရင် မြန်မာ့နိုင်ငံရေးအခက်ခဲနဲ့ ပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့ အနည်းဆုံးအချိန် ၅ နှစ်ခန့် အချိန်ယူရဖွယ်ရှိပါတယ်။ တစ်စုံတစ်ဦးဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အဖြေတွေရယူနိုင်မယ်လို့ တွေးထင်နေရင် အဲဒီသူတွေကိုယ်တိုင် ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းသင့်တယ်။ ကျွန်တော်တို့ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးလုပ်ခဲ့တယ်။ ဒါကြောင့်လည်း အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံကို ထပ်မံသွားရောက်စရာမလိုတော့ဘူး” ဟု ဟွန်ဆန်က ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း အလွန်ခက်ခဲရှုပ်ထွေးသည့် အချိန်ကာလများ ရှိခဲ့သော်လည်း ယုံကြည်မှု၊ လုပ်နိုင်စွမ်းအပြင် တာဝန်ယူခြင်း တာဝန်ခံခြင်းများဖြင့် ပြသလုပ်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး လာမည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
Ref, khmertimeskh