October 23, 2024

မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ရထားတစ်စီးကို တွေ့ရစဥ်

၁၄. ၁၂.၂၀၂၂
Written By Myo Khine

ကျောက်တင်ရထားတစ်စင်း မိုင်းခွဲခံရ၍ ရန်ကုန်-မော်လမြိုင်အမြန်ရထားခရီးစဉ်များကို ဖျက်သိမ်းခဲ့ရကြောင်း မြန်မာ့မီးရထားမှ သိရသည်။

DF 1343 ဆွဲယူခုတ်မောင်းလာသော အဆိုပါ ကျောက်တင်ရထားမှာ နှင်းပုလဲနှင့် ဒုံဝန်းကြားတွင် မိုင်းထိခဲ့ကာ တွဲတစ်တွဲ ပက်လက်လန် တိမ်းမှောက်ခဲ့ရကြောင်းနှင့် လမ်းပိုင်းအမြန်ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်မှ ကရိန်းရထား ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

“ဒုံဝန်း-နှင်းပုလဲလမ်းပိုင်းက အရင်ကတည်းက နယ်မြေမအေးချမ်းပါဘူး။ ဖြစ်နေကျနေရာပါ။ လူစီးရထားကို မလုပ်ကြတာ အများကြီး ကံကောင်းပါတယ်”ဟု ခရီးသည်တစ်ဦးက မှတ်ချက်ပြုသည်။

ယင်းမိုင်းထိမှန်သည့် ကိစ္စကြောင့် ဒီဇင်ဘာ ၁၃ ရက် ရန်ကုန် – မော်လမြိုင် ၈၁ ၊ ၈၂ ည လေအိတ်အမြန်ရထားများခရီးစဉ်နှင့် ဒီဇင်ဘာ ၁၄ ရက် ယနေ့ နံနက် ၆ နာရီခွဲတွင် ထွက်ခွာမည့် ရန်ကုန် – မော်လမြိုင် အမှတ် ၈၉ အဆန်နှင့် နံနက် ၉ နာရီတွင် ထွက်ခွာမည့် မော်လမြိုင် – ရန်ကုန် အမှတ် ၉၀ အစုန်ရထားခရီးစဉ်တို့ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

“ခရီးစဉ် ဖျက်သိမ်းတာ ဟုတ်ပါတယ်။ အခု လက်မှတ်ခတွေကို ပြန်အမ်းနေပါတယ်။ လမ်းမကောင်းလို့ပါ။ လမ်းကောင်းမှ ပြန်ပြေးဆွဲမှာပါ”ဟု ရန်ကုန်ဘူတာကြီးရှိ မြန်မာ့မီးရထား တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *