October 23, 2024

ဗုံးခွဲရာ၂ ဦးဒဏ်ရာရရှိမှု ဖြစ်ပွား

MT News

Written by Min Mahar

သတင်းမီဒီယာအဖြစ်ရပ်တည်ခဲ့ရာမှ တိုက်ခိုက်ရေးအဖွဲ့အဖြစ်ပြောင်းလဲထားသည့် VOM (Voice of Mandalay-Front Warriors) က မန္တလေးမြို့ရှိ ZEUS BAR အား ယမန်နေ့ နေ့လည်ပိုင်းက PDF အဖွဲ့များကို ဦးဆောင်ဗုံးခွဲရာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်ရှိ ZEUS BAR တွင် ဒီဇင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီခန့်က ရုပ်ဆိုးအမျိုးအစားဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားလူငယ် ၂ ဦးမှ ၅၅ လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာပြီး ZEUS BAR ဆိုင်၏ရှေ့မျက်နှာစာ ခြံစည်းရိုးအပြင်ဘက် တောင်ဘက်ထောင့်တွင် ချိန်ကိုက်ဗုံးအား ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူမှ ချထားခဲ့ပြီး ၎င်းတို့ဆိုင်ကယ်သည် ၅၅ လမ်းအတိုင်းတောင်ဘက်သို့မောင်းနှင်ထွက်သွားခဲ့ကာ ၅ မိနှစ်ခန့်အကြာ ဗုံးမှာပေါက်ကွဲခဲ့ကြောင်း ZEUS BAR ဆိုင်၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

” ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်က လုံခြုံရေးဝန်ထမ်းတစ်ယောက်နဲ့ ဆိုင်ရှေမှာ လျှပ်စစ်မီးလာပြင်နေတဲ့ သူတစ်ယောက်ကို ဗုံးစတွေထိမှန်သွားခဲ့တယ်။ ဆိုင်ကဝန်ထမ်းတော့ မစိုးရိမ်းရပေမဲ့ မီးလာပြင်တဲ့သူတော့ နဖူးကိုထိသွားတဲ့အတွက် စောင့်ကြည့်နေရတယ်” ဟု အဆိုပါပုဂ္ဂိုလ်က MT News ကိုပြောသည်။

၎င်းဗုံးပေါက်ကွဲမှုကြောင့် ခြံစည်းရိုးကာရံထားသောအောက်ခြေမှာ ကွဲထွက်သွားကာ အနီးတွင်ရှိနေသည့် ZEUS BAR လုံခြုံရေးဝန်ထမ်း အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦး ယာဘက်ပေါင်ကို ဗုံးစထိမှန်ကာဒဏ်ရာ(မစိုးရိမ်ရ)ရရှိမှုနှင့် ဆိုင်ရှေ့ရှိအဆောက်အဦအား လျှပ်စစ်မီးလုပ်ငန်းဆောင်ရွက်နေသည့် အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦးအား ယာဘက်နဖူး ဗုံးစထိမှန်ကာ(စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် ၎င်းတို့အား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးပေါက်ကွဲခဲ့သည့်နေရာအား သက်ဆိုင်ရာအဖွဲ့များမှ ရောက်ရှိလာကြပြီး ဗုံးပေါက်ကွဲသည့်နေရာအနီးတွင် KZG စာတန်းပါ ကီးပတ်ဖုန်း၊ ဆားကစ်ပြား၊ ဝါယာကြိုးများနှင့် သတ္တုကြိုးအပိုင်းအစများကိုတွေ့ရှိကာသိမ်းဆည်းသွားကြပြီး ဗုံးပေါက်ခွဲသူများကို ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းဗုံးဖောက်ခွဲမှုအား Voice Of Mandalay -Front Warrior အဖွဲ့နှင့် ၎င်းတို့မဟာမိတ်များဖြစ်ကြသော NGU:FF မြေခွေးတပ်ဖွဲ့ ၊ Anonymous Force MDY ၊ VOMDY – Front Warrior ၊ Truth Kepping Force တို့မှ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့အဖွဲ့သည် ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင်ကပင် မန္တလေးမြို့ပေါ်ရှိ Club များနှင့် KTV များ ၊ ZEUS BAR များကို မဖွင့်ကြရန်အတွက် ခြိမ်းခြောက်ပြောဆိုထားကြောင်းလည်း MT News အနေဖြင့် သတင်းဖော်ပြပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *