October 23, 2024

MT News

Written by Min Mahar

မိသားစုပိုင် မာလာဟင်းဆိုင်တွင် ကူညီလုပ်ကိုင်နေသည့် အုပ်ချုပ်ရေးမှူးအား လူနှစ်ဦးက စားသုံးသူများအကြား နဖူးတည့်တည့်ပစ်ခတ်ကာ ထွက်ပြေးသွားမှု ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက် ၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ ၃၆လမ်းပေါ်တွင် ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က အသက် ၆၅ နှစ်အရွယ် ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းသည် နေအိမ်ရှေ့ရှိ ၎င်းမိသားစုဖွင့်လှစ်ထားသော မာလာဟင်းဆိုင်တွင် ရှိနေစဉ် ၃၆ လမ်းအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာသည့် အမျိုးသားလူငယ်နှစ်ယောက်က အနီးသို့ကပ်လာပြီး အနောက်မှလိုက်ပါလာသူက သေနတ်ဖြင့်တစ်ချက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သေဆုံးသွားသော အုပ်ချုပ်ရေးမှူးနှင့် အမျိုးတော်စပ်သူတစ်ဦးထံမှ သိရသည်။

“အုပ်ချုပ်ရေးမှူးက သူ့အိမ်ကဖွင့်ထားတဲ့ မာလာဟင်းဆိုင်မှာ ဝိုင်းကူလုပ်ပေးနေရင်း လူ ၂ ယောက်ရောက်လာပြီးတာ့ သေနတ်နဲ့ ပစ်သတ် ထွက်ပြေးသွားတယ်။ ဆိုင်ထဲမှာလူတွေ အများကြီးရှိတာတောင် အခုလိုလုပ်ရဲတာက တော်တော်ကြောက်စရာကောင်းလာပြီ။ ကံကောင်းလို့အခြားသူတွေပါ မထိသွားတာ။ နဖူးကိုတည့်တည့်ပစ်သွားတော့ နောက်စေ့ပွင့်ပြီး နေရာမှာတင်သေသွားတာ” ဟု အခင်းဖြစ်ရာတွင် စျေးလာဝယ်သူတစ်ဦးက MT News ၏မေးမြန်းမှုကို ယခုလိုပြောဆိုသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသည် ဦးခေါင်းနောက်စေ့ကို ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားသဖြင့် အလောင်းအား မဏိစလ လူမှုကူညီရေးယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *