October 23, 2024

MT News

Written By Myo Khine

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အဂတိမှုများအတွက် တရားခံပြသက်သေအားလုံးကို လာမည့်တစ်ပတ်အတွင်း အပြီးစစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။

စွပ်စွဲခံရသူဘက်က တရားခံပြသက်သေများအား ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က စတင်၍ နေပြည်တော်အချုပ်ထောင်သီးသန့်တရားရုံး၌ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၁၃ ရက်အထိဆိုပါက သက်သေ ၄ ဦး စစ်ဆေးပြီး ဖြစ်သည်။

ယနေ့တွင် ယခင်အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူ ကို သက်သေအဖြစ် စစ်ဆေးခဲ့ပြီး ဦးမင်းသူမှာ လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၅ အမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့သည်ဆိုသော ရာဇသတ်ကြီးပုဒ်မ ၁၃၀-က အမှုတို့ဖြင့် ထောင်ဒဏ် ၆ မှတ် ခံထားရပြီး နေပြည်တော် အကျဉ်းထောင်၌ ကျခံနေရသူလည်း ဖြစ်သည်။

“ဒီနေ့ အရင်အစိုးရလက်ထက်က ဝန်ကြီးဟောင်း ဦးမင်းသူ ကို အမှု ၅ မှုလုံးအတွက် စစ်ဆေးတယ်။ သူလည်းနေပြည်တော်အကျဉ်းထောင်မှာပဲ။ညသူက ရဟတ်ယာဉ် ဝယ်ယူရေးအဖွဲ့မှာ ပါတယ်လေ။ သူသိတဲ့ ကိစ္စတွေ၊

သူအစည်းအဝေးတက်တဲ့အခါ ပြောဆိုကြတာတွေကို ပြောတာပေါ့။ သူပြောတာမှာ ဒီလေယာဉ် ဝယ်တယ်ဆိုတာက သက်ဆိုင်ရာဌာန ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ရဲ့ အကြံပြုချက်တွေကို စီမံဘဏ္ဍာတို့ ဘာတို့ရဲ့ အကြံပြုချက်နဲ့သဘောထားမှတ်ချက်အတိုင်း ဝယ်တာဆိုတာကို ပြောတယ်”ဟု အဆိုပါ နီးစပ်သူက ပြောသည်။

ရဟတ်ယာဉ်အမှုများအားလုံးနှင့် ပတ်သက်၍ နေပြည်တော် အချုပ်ထောင်အထူးတရားရုံး၌ စစ်ဆေးနေခြင်းကို ရုံးပိတ်ရက်များတွင် ရက်ချိန်းအပြောင်းအလဲ ပြုလုပ်သည်မှအပ အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် ပုံမှန်စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ နောက်ထပ် စစ်ဆေးရန် ကျန်နေသေးသည့် ခံပြသက်သေများကို လာမည့် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“နောက်တစ်ပတ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ စစ်ဆေးတာတွေ အပြီးလုပ်မယ်။ သက်သေ နောက်နှစ်ယောက် ကို ရှေ့တစ်ပတ်မှာ စစ်ပြီးရင် ပြီးပြီပေါ့။ အဲဒါပြီးရင်တော့ အပြီးသတ် လျှောက်လဲချက် လုပ်ရမှာပေါ့”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *