October 30, 2024

MT News

Written by Nay Moe

လက်ရှိအစိုးရတာဝန်ယူထားသည့် SAC အစိုးရနှင့်မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် မည်သူ့ကိုမျှ အသိအမှတ်မပြုသော်လည်း NUG ကို ထောက်ခံသည့် ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၏ မြန်မာကိုယ်စားလှယ်အဖြစ် တစ်နှစ်သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

NLD အစိုးရဟောင်းလက်ထက်က မြန်မာနိုင်ငံကိုယ်စားပြု ကုလသမဂ္ဂ၏ သံအမတ်ကြီးဖြစ်ခဲ့သော်လည်း လက်ရှိတွင် NUG ကိုယ်စားပြုအဖြစ် ရပ်တည်နေသူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တစ်နှစ် ဆက်လက်ထားရှိရန် ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ (Credentials Committee) က ဆုံးဖြတ်လိုက်သည်ဟု VOA ကို ကိုးကားကာ NUG ၏ လော်ဘီမီဒီယာ PVTV က ဖော်ပြခဲ့ခြင်းဖြစ်သည်။

PVTV ဖော်ပြချက်အရ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးအတွင်း နိုင်ငံကိုယ်စားပြုမှု သတ်မှတ်သည့် Credential ကော်မတီ အစည်းအဝေးမှ ဦးကျော်မိုးထွန်းကို လက်ရှိအတိုင်းဆက်ထားဖို့ သဘောတူညီခဲ့ကြကြောင်း၊ ကုလသမဂ္ဂ Credential ကော်မတီ၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် အမေရိကန်၊ ရုရှား၊ တရုတ် တို့အပါအဝင် နိုင်ငံ ၉ နိုင်ငံပါဝင်ကြပြီး ဦးကျော်မိုးထွန်းကို တစ်နှစ်ဆက်ထားရန် ရုရှားက ကန့်ကွက်ခဲ့သော်လည်း ကန့်ကွက်မှု မအောင်မြင်ဘဲ ဦးကျော်မိုးထွန်းကို တစ်နှစ်သက်တမ်းတိုးပေးခဲ့ကြောင်း PVTV က ဖော်ပြခဲ့သည်။

“ကျွန်တော် မအိပ်ခင် ကြားလိုက်ရတဲ့ သတင်းထဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နောက်တစ်နှစ်အတွက် ဆက်လက် ခန့်ထားလိုက်ပြီဖြစ်ကြောင်း နိုင်ငံ ကိုယ်စားပြုမှု့ကိုတော့ ဆိုင်းငံ့ထားကြောင်း သတင်းတက်လာတာ ကြားလိုက်ရတဲ့အတွက် မနှစ်ကအတိုင်းဘဲလို့ သိလိုက်ရတယ်။ သူဟာ NLD လက်ထက်က နိုင်ငံကိုယ်စားပြု ဖြစ်ခဲ့ပေမယ့် SAC လက်ထက်မှာတော့ နိုင်ငံ့ကိုယ်စားပြု မဟုတ်တော့ဘူး” ဟု NUG နှင့် ဦးကျော်မိုးထွန်းထောက်ခံသည့် Wynn Bo Han အကောင့်ပိုင်ရှင်က ဦးကျော်မိုးထွန်း တစ်နှစ်သက်တမ်းတိုးခံရသည့်အပေါ် မျှဝေထားသည်။

ဦးကျော်မိုးထွန်းအား ထိုသို့ NUG ၏ ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂက တစ်နှစ်သက်တမ်းတိုး အသိအမှတ်ပြုသည့်အပေါ် သာမန်ပြည်သူများအကြားတွင်သာ လှုပ်ခတ်နေသော်လည်း NUG က အသိအမှတ်ပြုထုတ်ပြန်ချက် မထုတ်ခဲ့သကဲ့သို့ SAC ၏ MOFA ကလည်း မသိကျိုးကျွံပြုကာ လျစ်လျှူရှုခဲ့သည်ကိုလည်း တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *