October 30, 2024

၁၄. ၁၂. ၂၀၂၂

Written by Tha Doe

စက်သုံးဆီအသုံးပြုရန်မလိုသည့် စက်ဘီးကဲ့သို့ ယာဥ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုရန် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကချင်ပြည်နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် ဒီဇင်ဘာ ၁၃ ရက်က တွေ့ဆုံစဥ်ပြောကြားသည်။

လက်ရှိအချိန်တွင် အခက်ကြုံနေရသည့် လျှပ်စစ်နှင့် လောင်စာဆီကိစ္စရပ်များနှင့်စပ်လျဥ်းပြီး ပြောကြားရာ၌ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်း အရေးကြီးနေသည်။ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ်များထုတ်လုပ်မည်ဆိုပါက မီဂါဝပ် ၄၀၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရသည်။

ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းအမြစ်များစွာရှိပြီးဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချစေလိုသည်ဟု SAC ဥက္ကဋ္ဌက ဆိုသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အချိန်ကာလတစ်ခုအထိ ကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ဆောင်ရွက်ရသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအားအသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားများကို ချွေတာသုံးစွဲကြရန်လိုကြောင်း မှာကြားသည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာကုန်ကျလျက်ရှိသည်။ ထို့ကြောင့် စက်သုံး ဆီများကို တတ်နိုင်သမျှချွေတာသုံးစွဲရန်လိုကြောင်းနှင့် စက်သုံးဆီသုံးစွဲရန် မလိုအပ်သည့် စက်ဘီးကဲ့သို့သောယာဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုကြောင်း မှာကြားသည်။ အလားတူ ကုန်စည်ပို့ဆောင်ရေးတွင်လည်း စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်သည့် ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကာ တစ်ဦးချင်းချွေတာသုံးစွဲမည်ဆိုပါက နိုင်ငံခြား ငွေကုန်ကျမှုများ လျော့နည်းသွားမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *