၁၅ ၄ ၂၀၂၄
Written by Hey Mar
မနေ့က ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်အချိန်က ရထားသံလမ်းကို ဖြတ်မောင်းကူးတဲ့ ကားကို မော်လမြိုင်အဆန်ရထားက တိုက်မိတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
ဖြစ်စဥ်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ၊ ရွာသစ်ပိုင်း ရန်ကုန် -မော်လမြိုင် ရထားလမ်းနဲ့ ကျွဲခြံ-ကော့ကရင်သွားလမ်းဆုံအနီးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ယာဥ်မောင်း ဦးဟိန်းမင်းဦး မောင်းနှင်ကာ အမျိုးသမီး (၈)ဦးလိုက်ပါလာတဲ့ (9N/3816 ) မစ်ဆူဘီရှီမီနီကပ် အဖြူရောင်ယာဥ်ဟာ ၊ ရထားလာနေတာကို သတိမမူဘဲ ရထားလမ်းကို ဖြတ်မောင်းကူးစဥ်၊ အမှတ်(၈၁) အဆန် ရန်ကုန်- မော်လမြိုင်လူစီးရထားက လမ်းဆုံမှာ ဖြတ်တိုက်မိတာလို့ သိရပါတယ်။
တိုက်မိတဲ့ ဖြစ်စဥ်ကြောင့် ကားမှာ ပေ ၅၀၀ ကျော်ခန့် ဒရွတ်တိုက်ပါသွားပြီး ယာဥ်ပေါ်ပါ ယာဥ်မောင်း(၁)ဦးနဲ့ အမျိုးသမီး(၃)ဦး ဒဏ်ရာရှိခဲ့ကာ အမျိုးသမီး(၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။